သုတ၊ မေလ ၂၉ ရက်၊ လားရှိုး
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ ရပ်ကွက်(၁၂)မှာ လက်နက်ကိုင်ဆောင်ထားတဲ့ လူတစ်စုက သေနတ်ထောက်ပြီး အိမ်စီးကားတစ်စီး လုယူသွားတယ်လို့ လားရှိုးမြို့ခံတွေက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ မေလ ၂၈ ရက် မနက်ပိုင်းက လားရှိုးမြို့ မန်ဆူဘုရားအနီး ကားရပ်ထားစဉ် လက်နက်ကိုင်ထားတဲ့ လူတစ်စုက ကားပိုင်ရှင်ကို သေနတ်နဲ့ထောက်ပြီး ကားလုယူ ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။
“ကားတွေ ရှယ်ပျောက်တာ တစ်စီးမှ ပြန်မရဘူး။ အဲဒီမန်ဆူနားကို သေနတ်ထောက်ပြီး လုသွားတာ။ ကား လုခံရတဲ့သူက မန်ဆူနားက မုန့်ဟင်းခါးရောင်းတဲ့တစ်ယောက်ရဲ့ သားမက်လို့ သိရတယ်” ဆိုပြီး ဖြစ်စဉ်သိရှိသူ လားရှိုးမြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
လားရှိုးမှာ ပြီးခဲ့တဲ့ သင်္ကြန်နဲ့ ကဆုန်လပြည့်နေ့မှာ သူခိုးနဲ့မူးယစ်ဆေးဝါး သုံးစွဲသူတွေကို စစ်တပ်က လွတ်ငြိမ်းခွင့် ပေးပြီးနောက် ခိုးဆိုးလုယက်တာတွေ ဆက်တိုက် ဖြစ်ပွားလာတာလို့ နောက်ထပ် လားရှိုးဒေသခံတစ်ဦးက ပြောပါတယ်။
“ဘယ်လောက် ဆိုးလဲဆိုတော့ အပြင်မှာ ဇလုံ၊ ထိုင်ခုံတွေတောင် ထားလို့မရဘူး။ အကုန် ခိုးသွားတာ။ ကား၊ ဆိုင်ကယ် အကုန်ခိုးတယ်။ မနေ့တောင်မှ ကျနော်တို့အိမ် ဖုန်းတစ်လုံး ခိုးခံရသေးတယ်”
လားရှိုးမြို့မှာ ခိုးမှုအပါအဝင် ဓားပြတိုက်မှု၊ လုယက်မှုနဲ့ ပြန်ပေးဆွဲမှုတွေ မကြာခဏ ဖြစ်ပွားနေပေမဲ့ စစ်တပ်ဘက်က အရေးယူနိုင်တာ မတွေ့ရဘူးလို့ မြို့ခံတွေက ပြောဆိုကြပါတယ်။
လားရှိုးမြို့ကို တရုတ်နိုင်ငံ ကြားဝင်မှုနဲ့ ကိုးကန့်တပ်- MNDAA က ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဧပြီလထဲ စစ်ကောင်စီထံ ပြန်လည် လွှဲပြောင်းပေးခဲ့ရတာပဲ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။