ပို့လဘား၊ ဇွန်လ ၂၃ ရက်၊ မူဆယ်
ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ ကျားဖြန်လုပ်ကိုင်သူ ၅၉ ဦးကို ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီဘက်က မနေ့ ဇွန်လ ၂၂ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
မနေ့ ဇွန်လ ၂၂ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်က မူဆယ်မြို့ တော်ရွက်ရပ်ကွက်ရှိ နေအိမ်တစ်ခုကို ဝင်ရောက်စီးနင်းခဲ့ပြီး ကျားဖြန်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၂ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၄၇ ဦးနဲ့ အမျိုးသမီး ၁၀ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
“တမြန်နေ့ကလည်း ကောင်းမှုလွယ်ဘက်မှာ ဝင်ဖမ်းတာရှိတယ်။ အခုရက်ပိုင်း ကျားဖြန် ခနခနဖမ်းတာတွေ့ရတယ်။ ဖမ်းမိထားတဲ့ တရုတ်နိုင်ငံသားတွေလည်း တရုတ်ဘက်ပြန်ပို့ပေးလေ့ရှိတယ်” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ဘက်က မူဆယ်မြို့တွင်းမှာ ကျားဖြန်ရုံတွေကို လိုက်လံဖမ်းဆီးနေပေမယ့် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ အများစု ဆက်ရှိနေပြီး အဲဒီအထဲမှာ ဒေသအာဏာပိုင်တွေ ရှယ်ယာနဲ့ ဖွင့်လှစ်တာတွေလည်း ရှိကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်ကလည်း မူဆယ်မြို့ ကောင်းမှုလွယ်ရပ်ကွက်ရှိ ကျားဖြန်ရုံတစ်ခုကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ရာ တရုတ်နိုင်ငံသား ၁၇ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၃၄ ဦးနဲ့ အမျိုးသမီး ၃၇ ဦး ဖမ်းဆီးရမိခဲ့ပါတယ်။
စစ်ကောင်စီတပ်ဘက်က တရုတ်နိုင်ငံရဲ့ ဖိအားပေးမှုကြောင့် ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်ကုန်ပိုင်းကစပြီး ရှမ်းမြောက်အပါအဝင် ထိုင်း-မြန်မာနယ်စပ်ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို လိုက်လံစီးနင်းတာတွေ ပြုလုပ်နေတာ တွေ့ရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။