ပပ၊ ဇွန်လ ၅ ရက်၊ လားရှိုး
ရှမ်းမြောက် လားရှိုးမြို့မှာ ဆောက်လုပ်ရေးသုံးပစ္စည်းတွေ တင်လာတဲ့ ကား ၂ စီးကို အခွန်မဆောင်လို့ စွတ်စွဲပြီး စစ်ကောင်စီတပ်က ထပ်မံဖမ်းဆီးကြောင်း ဖြစ်စဉ်ကိုသိရသူ အမျိုးသားရဲ့ ပြောပြချက်အရ သိရပါတယ်။
ဇွန်လ ၃ ရက် ညနေ ၆ နာရီ ဝန်းကျင်မှာ လားရှိုးမြို့အဝင် မယ်ဟန်စစ်ဆေးရေးဂိတ်အနီးမှာ ရပ်ထားတဲ့ ၆ ဘီးယာဉ် ၂ စီးကို စစ်ကောင်စီတပ်နဲ့ ဌာနဆိုင်ရာတွေက စစ်ဆေးပြီး အခွန်မဆောင်တဲ့ ဆောင်လုပ်ရေးသုံးပစ္စည်းနဲ့ အိမ်ဆောက်ပစ္စည်းတင်တဲ့ ယာဉ်နဲ့ ကားသမားကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
ဖြစ်စဉ်သိရသူအမျိုးသားက “သူတို့သတ်မှတ်ထားတဲ့ တရားမဝင်ပစ္စည်းလည်း မဟုတ်ဘူး။ အကြောင်းပြချက်က အခွန်ဆောင်မထားပဲ ပစ္စည်းတင်လို့ ဖမ်းတာတဲ့” ဆိုပြီး ပြောပါတယ်။
ယာဉ်နဲ့ ပစ္စည်းတွေအပြင် ယာဉ်မောင်းဖြစ်သူ ဦးလောရှီနဲ့ ဦးအိဇတ်၂ ဦးကိုလည်း လားရှိုးမြို့မရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး ဥပဒေအရ အရေးယူသွားမယ်လို့လည်း ဆိုပါတယ်။
အလားတူ ပြီးခဲ့တဲ့ မေလ ၂၇ ရက်ကလည်း လားရှိုးမြို့ ရပ်ကွက် (၁)၊ နယ်မြေ (၁) ထင်းရှူးမြိုင်လမ်းပေါ်မှာ တရုတ်ကုန် တင်လာတဲ့ ကား ၂ စီးကို တရားမဝင်ဆိုပြီး စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ဖူးပါတယ်။
ပြီးခဲ့တဲ့ မေလ ပထမပတ်ကလည်း စစ်ကောင်စီက ရက် ၁၀၀ စီမံကိန်းအနေနဲ့ လားရှိုးမှာ တရုတ်ကုန် တင်လာတဲ့ ယာဉ်တွေကို ဖမ်းဆီးပြီး ငွေတောင်းခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့ဖူးပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။