ရွှေဖီမြေ၊ ဇွန်လ ၅ ရက်
“ဝ”တပ်မတော် – UWSA ထိန်းချုပ်ဒေသထဲမှာ အွန်လိုင်းငွေလိမ်လည်မှု (ကျားဖျန့်) လုပ်ကိုင်ဖို့ စီစဉ်နေတဲ့ ဂိုဏ်းတစ်ခုကို တားဆီးဖမ်းဆီးခဲ့ပြီး ကျားဖျန့်လုပ်ငန်းမှာ အလုပ်လုပ်ဖို့ ဖမ်းဆီးချုပ်နှောင်ခံရသူတွေနဲ့ လိမ်လည်လှည့်ဖျားခံရသူ ၆၂ ဦးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ “ဝ” ပြည်တရားစီရင်ရေးကော်မတီက ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီကျားဖျန့်ဂိုဏ်းဟာ အိမ်နီးချင်းနိုင်ငံတွေ နှိမ်နင်းခံရပြီးနောက်ပိုင်း “ဝ” ဒေသထဲကို လျှို့ဝှက်ပြောင်းရွှေ့လာကာ ကျားဖျန့်လုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်ဖို့ စီစဉ်ထားခဲ့တယ်လို့ ဆိုပါတယ်။
တရုတ်ရဲ့ သတင်းအချက်အလက်မျှဝေမှုနဲ့ “ဝ” တရားရေးကော်မတီရဲ့ စစ်ဆေးအတည်ပြုချက်အရ အဲဒီဂိုဏ်းတွေရဲ့ လှုပ်ရှားမှုအစကနေ တတိယဒေသသို့ ပြောင်ရွှေ့မယ့် အစီအစဉ်တွေပါ ဖော်ထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီဂိုဏ်းကို လိုက်လံစောင့်ကြည့်မှု ဆယ်ရီနာကြာတဲ့အထိ ပြုလုပ်ပြီးတဲ့နောက်ပိုင်း နယ်စပ်တစ်နေရာမှာ တားဆီးဖမ်းဆီးနိုင်ခဲ့ပြီး အမှုနဲ့ ပတ်သက်သူတွေကိုလည်း ထိန်းချုပ်နိုင်ခဲ့သလို အဲဒီကျားဖျန့်ဂိုဏ်းမှာ ပိတ်မိနေတဲ့သူ ၆၂ ဦးကိုလည်း ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ကယ်ဆယ်ထားတဲ့ ကျားဖျန့်လုပ်သား ၆၂ ဦးကို ပန်ဆန်းမြို့၊ မုန်းအာ နယ်စပ်ဂိတ်ကနေတစ်ဆင့် တရုတ်ထံ လွှဲပြောင်းပေးခဲ့ကြောင်း လူထုတွေနဲ့အနေ “လွယ်လွယ်နဲ့ တစ်လကို ယွမ်ငွေသောင်းချီရနိုင်တယ်” ဆိုတဲ့ လိမ်လည်မှုတွေကို မယုံကြည်ဖို့ လိုအပ်ကြောင်းကိုလည်း မနေ့ ဇွန်လ ၄ ရက်မှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။