ပပ၊ ဇူလိုင် ၃၀ ရက်၊ ပြင်ဦးလွင်
မန္တလေးတိုင်း ပြင်ဦးလွင်မြို့မှာ ဆိုင်ကယ်တစ်စီးကို ကားက ဝင်တိုက်ခဲ့တာကြောင့် ကလေးတစ်ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာ ရခဲ့ကြောင်း ဖြစ်စဉ်သိရှိသူ အမျိုးသားရဲ့ ပြောပြချက်အရ သိရပါတယ်။
မနေ့ ဇူလိုင် ၂၉ ရက် ညနေမှာ ပြင်ဦးလွင် ရပ်ကွက်ကြီး ၁၂ မြို့ရှောင်လမ်းက ကျီးကိုင် လမ်းခွဲအနီးမှာ ၁၀ ပေရှိ ဖောကားတစ်စီးက ဆိုင်ကယ် စီးလာတဲ့ ၃ ဦးကို အနောက်ကနေ ဝင်တိုက်ပြီး မောင်းပြေးသွားခဲ့တာပဲ ဖြစ်ပါတယ်။
ဖြစ်စဉ်သိရှိတဲ့ အမျိုးသားက “ရွာဘက်ကလူတွေလို့တော့ ပြောကြတယ်။ ကလေးတစ်ယောက်ကတော့ ပွဲချင်းပြီးပါပဲ။ နောက်တစ်ယောက်ကလည်း ဒဏ်ရာ ဗလပွတွေ” လို့ ပြောပါတယ်။

သေဆုံးသွားတဲ့ ကလေးဟာ အသက် ၁၂ နှစ်ဝန်းကျင်ရှိပြီး နောက်ထပ် ၁၂ နှစ်နဲ့ ၄၀ ဝန်းကျင် အမျိုးသမီးက ဒဏ်ရာ ပြင်းထန်ပြီး ပြည်သူ့ဆေးရုံမှာ ကုသမှု ခံယူနေရကြောင်း အထက်ပါ အမျိုးသားက ဆက်ပြောပါတယ်။
မောင်းပြေးသွားတဲ့ ကားသမားကို ဖမ်းဆီးရမိဖို့ စစ်ကောင်စီတပ်နဲ့ ယာဉ်ထိန်းက ပိုက်စိပ်တိုက် စစ်ဆေးနေပေမဲ့ လက်ရှိ သတင်းရေးသားတဲ့အချိန်ထိ ဖမ်းဆီးရမိတာ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်း မန္တလေးတိုင်းမှာ ယာဉ်တိမ်းမှောက်မှုနဲ့ ယာဉ်တိုက်မှုပေါင်း ၂၀၀ ကျော် ရှိခဲ့ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။