ရွှေဖီမြေ၊ ဇူလိုင် ၃၀ ရက်၊ မန်တုံ
တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ မန်တုံအကျဉ်းထောင်ကနေ ထွက်ပြေးသွားသူတွေထဲက မူးယစ်ဆေးဝါးအမှုနဲ့ ထွက်ပြေးလွတ်မြောက်နေသူတစ်ဦးကိုသာ ပြန်ဖမ်းမိသေးတယ်လို့ မန်တုံမြို့ရှိ သတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“မူးယစ်ဆေးဝါးအမှုနဲ့ တစ်ယောက်ပဲ ဖမ်းမိသေးတယ်။ မန်တုံမြို့အပြင်က တောထဲမှာ ဖမ်းမိတာ။ ကျန်တဲ့သူတွေ မမိသေးဘူး။ အဲဒီတစ်ယောက်ကို ဖမ်းမိတာ ၃၊ ၄ ရက်လောက်ရှိပြီ”
ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်က မန်တုံအကျဉ်းထောင်မှာ ထောင်စောင့် အိပ်ပျော်နေစဉ် အကျဉ်းသား ၁၅ ဦး ထောင်ဖောက်ပြီး ထွက်ပြေးလွတ်မြောက်သွားခဲ့တာပဲ ဖြစ်ပါတယ်။
လွတ်မြောက်သွားတဲ့ အကျဉ်းသားတွေထဲ အဓမ္မပြုကျင့်မှု ကျူးလွန်သူ ၁ ဦး၊ လူသတ်မှု ကျူးလွန်သူ ၁ ဦး၊ ဓားပြမှု ကျူးလွန်သူ ၁ ဦး၊ မူးယစ်ဆေးဝါး ရောင်းဝယ်သူ ၃ ဦး၊ မူးယစ်ဆေးဝါး သုံးစွဲသူ ၇ ဦးနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး ပါဝင်ပါတယ်။
တအာင်းတပ်ဘက်ကတော့ အကျဉ်းသားတွေ ထွက်ပြေးသွားတာနဲ့ ပတ်သက်ပြီး ဒီနေ့ ဇူလိုင် ၃၀ ရက်အထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလထဲမှာလည်း PSLF/TNLA ထိန်းချုပ်ခဲ့တဲ့ ကွတ်ခိုင်မြို့မှာ ထောင်သား ၂၀ ဦး ထောင်ဖောက်ပြီး ထွက်ပြေးခဲ့တဲ့ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ဖူးပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။