Miyoe၊ ဩဂုတ် ၆ ရက်၊ ရွာငံ
ရှမ်းတောင် ဓနုဒေသ ရွာငံမြို့နယ် မြစေတီရွာထဲ ပြီးခဲ့တဲ့ ဩဂုတ် ၄ ရက်မှာ အင်အား ၂၀၀ ခန့်ပါတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းက ဝင်ရောက်လာပြီးတော့ ဒေသခံ ၆ ဦးကို ဖမ်းဆီးသွားပါတယ်။
ရွာခံတွေဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဆက်စပ်မှု ရှိတယ်ဆိုပြီး စွပ်စွဲကာ ဖမ်းဆီးခဲ့တာပဲ ဖြစ်ပါတယ်။
“ရွာသားတွေ ဖမ်းခံရတယ်။ သူတို့ရဲ့ဖုန်းတွေ ပိုက်ဆံတွေ သိမ်းပြီး လူကို ကြိုးနဲ့ချည်ပြီး ဖမ်းထားတာ။ ဖမ်းထားတဲ့သူတွေထဲက အမျိုးသား ၂ ဦးကိုတော့ ရွာငံကို ပို့လိုက်တယ်” လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်ဟာ ကျေးရွာထဲကနေ ပြန်မထွက်သေးဘဲ လက်ရှိအချိန်ထိ မြစေတီရွာ ဘုန်းကြီးကျောင်းမှာ ဆက်လက် တပ်စွဲထားဆဲပဲလို့ သိရပါတယ်။
ဖမ်းဆီးခံရတဲ့ ဒေသခံတွေရဲ့နာမည်နဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။
လတ်တလောမှာ ရွာငံမြို့နယ်အစပ်နဲ့ အစွန်အဖျားကျေးရွာတွေဘက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်နေပြီးတော့ မကြာခဏ ဖမ်းဆီးတာတွေ ပြုလုပ်နေတာကြောင့် ဒေသခံတွေအကြား စိုးရိမ်ထိတ်လန့်မှု မြှင့်တက်နေပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။