ပပ၊ ဩဂုတ် ၃၁ ရက်၊ လားရှိုး
ရှမ်းမြောက် လားရှိုးမြို့နယ်ထဲ ၁၀၂၇ စစ်ဆင်ရေးအတွင်း ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်သုံ့ပန်း ၁၀၀ ကျော်ကို ကိုးကန့်တပ်- MNDAA က ပြန်လွှတ်ပေးလိုက်ကြောင်း လားရှိုးမြို့ရှိ သတင်းရင်းမြစ် အမျိုးသားရဲ့ ပြောပြချက်အရ သိရပါတယ်။
မနေ့ ဩဂုတ် ၃၀ ရက်က ၎င်းစစ်သုံ့ပန်း ၁၀၀ ကျော်ကို သိန္နီနဲ့လားရှိုးကြားမှာ လွှဲပြောင်းပေးလိုက်တာပဲ ဖြစ်ပါတယ်။
သတင်းအရင်းအမြစ်တစ်ဦးက “ကွတ်ခိုင်ဘက်အထွက်က လားရှိုးမြို့အဝင် ဆိုင်းဘုတ်နား ရောက်နေရင်း စစ်သားကားတွေ အသေးအကြီး ၁၀ စီးလောက် တိုးတယ်။ ဘေးကလူတွေ ပြောကြတာက ဖမ်းခံထားရတဲ့ စစ်သားတွေကို သွားခေါ်တာတဲ့” လို့ ပြောပါတယ်။
ပြန်လွှတ်တဲ့အထဲ စစ်ကောင်စီတပ်သားတွေသာဖြစ်ပြီး အရာရှိပိုင်းတွေ မပါကြောင်း မိသားစုဝင်တွေနဲ့ နီးစပ်တဲ့သူတွေက လူမှုကွန်ရက်ပေါ် ရေးသားထားတာကို တွေ့ရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်ကလည်း စစ်တပ်နဲ့ MNDAA က လားရှိုးမြို့ရှိ ဆင်နှစ်ကောင်ဟိုတယ်မှာ တွေ့ဆုံဆွေးနွေးခဲ့ပြီး စစ်သုံ့ပန်း ၄၁ ဦးကို MNDAA က ပြန်လွှတ်ပေးခဲ့ဖူးပြီး စစ်သုံ့ပန်း မကြာခဏ ပြန်လွှတ်ပေးနေပါတယ်။
ဒါ့အပြင် သိန္နီမြို့ကို စစ်တပ်က မကြာခဏ ပြန်တောင်းနေတဲ့သတင်း ထွက်နေသလို လတ်တလောမှာ လားရှိုးမြို့နယ်အပြင် ရှမ်းမြောက်က မြို့နယ်တချို့မှာ ကင်းထောက်လေယာဉ် ခပ်စိပ်စိပ် သွားလာနေတယ်လို့လည်း ဒေသခံတွေက ပြောဆိုပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။