ရွှေဖီမြေ၊ ဩဂုတ် ၃၁ ရက်၊ တန့်ယန်း
ရှမ်းမြောက် တန့်ယန်းမြို့နယ်တစ်နေရာမှာ ကလေးငယ်တွေကို အရောင်းအဝယ်လုပ်နေတဲ့ အမျိုးသမီးတစ်ဦးကို ရှမ်းပြည်တိုးတက်ရေးပါတီ – SSPP က ဖမ်းဆီးရမိတယ်လို့ SSPP သတင်းထုတ်ပြန်ပါတယ်။
အဲဒီအမျိုးသမီးကို ပြီးခဲ့တဲ့ ဩဂုတ် ၁၄ ရက်မှာ ဖမ်းဆီးရမိတာဖြစ်ပြီး အရောင်းအဝယ်လုပ်ခံရတဲ့ အသက် ၇ အရွယ် မိန်းခလေးငယ်နဲ့ ယောက်ျားလေးငယ်တို့ ၂ ဦးကိုလည်း ကယ်နိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။

အဲဒီအမျိုးသမီးဟာ မူလနမ္မတူဇာတိဖြစ်ပြီး သူမရဲ့ မိဘတွေက လားရှိုးမြို့နယ် နောင်မွန်ကို ပြောင်းရွှေ့နေထိုင်ကြသလို သူမကလည်း တန့်ယန်းမြို့ ရပ်ကွက် ၂ သို့ ပြောင်းရွှေ့နေထိုင်ခဲ့သူဖြစ်ပါတယ်။
အဆိုပါအမျိုးသမီးဟာ မိဘမကျွေးနိုင်တဲ့ ကလေးငယ်တွေကို ဝယ်ယူပြီး ငွေကြေးတတ်နိုင်သူတွေဆီ ပြန်လည်ရောင်းချတဲ့အလုပ် လုပ်ကိုင်တယ်လို့ SSPP က ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၇ ရက်တုန်းကလည်း အဆိုပါ အမျိုးသမီးဟာ သီပေါက အသက် ၁၁ နှစ်အရွယ် ကလေးတစ်ဦး၊ အသက် ၅ နှစ်အရွယ် ကလေးတစ်ဦး စုစုပေါင်း ၂ ဦးကို မြန်မာငွေ ကျပ် ၆၀ သိန်းနဲ့ ဝယ်ယူခဲ့ပြီး တန့်ယန်းမြို့နယ် နောင်ဖာကျေးရွာနေ စိုင်းကတ်ဆိုသူဆီ တရုတ်ယွမ်ငွေ ၃၄,၀၀၀ (မြန်မာငွေ သိန်း ၂၁၄ ကျော်) နဲ့ ပြန်လည်ရောင်းချဖူးကြောင်း သူမက SSPP ထံ ထွက်ဆိုခဲ့ပါတယ်။
သူမရဲ့ ကလေးငယ်ရောင်းဝယ်တဲ့ အမှုကို SSPP က ဗဟိုတရားရုံးကို လွှဲပြောင်းပေးခဲ့ပြီး အမှုကို စစ်ဆေးကာ ဥပဒေနဲ့အညီ အရေးယူဆောင်ရွာသွားမှာဖြစ်သလို့ ကယ်တင်ခဲ့တဲ့ ကလေးငယ် ၂ ဦးကိုလည်း ၎င်းတို့ မိသားစုဝင်တွေနဲ့ ဆက်သွယ်ကာ ကလေးတွေကို ပြန်လည်စောင့်ရှောက်နိုင်ဖို့ ညှိနှိုင်းဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာ ထည့်သွင်းဖော်ပြထားပါတယ်။
ထုတ်ပြန်ချက်ထဲမှာ အဆိုပါ အမျိုးသမီးရဲ့ နာမည်အပြည့်အစုံကိုတော့ ဖော်ပြထားတာ မတွေ့ရပါဘူး။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။