ပို့လဘား၊ ဧပြီ ၂ ရက်၊ မူဆယ်
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ တရုတ် – မြန်မာနယ်စပ် မူဆယ်မြို့မှာ ပြည်သူ့စစ်အချင်ချင်း စကားများကြရာကနေ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
မူဆယ်မြို့ တော်ရွက်ရပ်ကွက်မှာ ပြီးခဲ့တဲ့ မတ် ၃၀ ရက်တုန်းက ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး ပစ်ခတ်မှုအတွင်း ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒေသခံအမျိုးသမီးတစ်ဦးက “မူဆယ်မှာ သူတို့ခါတိုင်း ဖြစ်နေကျတာပဲ။ သူတို့အချင်းချင်း ပစ်ကြတာ။ အဲညက သေနတ်သံတွေလည်း ကြားရတယ်။ ဘယ်အဖွဲ့လည်းတော့ မသိရဘူး။ တော်ရွက်မှာဆို မြို့မပြည်သူ့စစ်နဲ့ မန်ဂျယ်ပဲရှိတယ်။ နှစ်ယောက်ဒဏ်ရာရတယ်လို့ ပြောတယ်။ တစ်ယောက်က ပြင်းထန်တယ်။ တစ်ယောက်က အဲလောက်ထိလည်း မဟုတ်ဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မူဆယ်မြို့မှာ အခုလို ပြည်သူ့စစ်အချင်းချင်း ပစ်ခတ်တာတွေနဲ့ ရန်ပွဲတာတွေလည်း မကြာခဏ ဖြစ်ပွားတယ်လို့ အဆိုပါ အမျိုးသမီးက ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၇ ရက်ကလည်း မူဆယ်မြို့မှာ ဗိုလ်အဆင့်ရှိတဲ့ ပြည်သူ့စစ်တစ်ဦးက အရက်သောက်ပြီး ၎င်းရဲ့ လက်အောက်ခံဖြစ်တဲ့ ပြည်သူ့စစ် ၂ ဦးကိုလည်း ပစ္စတိုသေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။
မူဆယ်မြို့မှာ စစ်တပ်အပြင် ၎င်းရဲ့ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ အများစု ရှိနေပြီး အဲဒီပြည်သူ့စစ်တွေဟာ ကျားဖြန်၊ လောင်းကစားရုံ၊ မူးယစ်ဆေးဝါးနဲ့ ပြည့်တန်ဆာရုံတွေကို ကိုယ်စီပိုင်ဆိုင်ထားကြပြီး စစ်တပ်ထံ အခွန်ပေးဆောင်နေကြတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။