ရွှေဖီမြေ၊ ဧပြီ ၁၂ ရက်၊ ပြင်ဦးလွင်
မန္တလေးတိုင်း ပြင်ဦးလွင်မြို့မှာ အမျိုးသားတစ်ဦးက အမျိုးသမီးတစ်ဦးကို နေအိမ်ထဲအထိ ဝင်ရောက်ကာ ဓားနဲ့ထိုးတာကြောင့် သေဆုံးခဲ့ပြီး အမျိုးသား ၂ ဦးလည်း ဒဏ်ရာ ရခဲ့ကြောင်း ဖြစ်စဉ်ကိုသိရှိသူ အမျိုးသားရဲ့ ပြောပြချက်အရ သိရပါတယ်။
ဧပြီ ၁၁ ရက် ညပိုင်းမှာ ပြင်ဦးလွင် ရပ်ကွက်ကြီး ၁၉ ငါးရံ့ချောင်းရပ်ကွက်မှာ အသက် ၂၀ ကျော်အရွယ် အမျိုးသားတစ်ဦးက အသက် ၂၇ နှစ်အရွယ် အမျိုးသမီးကို ဓားနဲ့ ထိုးခဲ့တာပဲ ဖြစ်ပါတယ်။
ဖြစ်စဉ်ကိုသိရှိသူ အမျိုးသားတစ်ဦးက “သူ့ကို အိမ်ရှေ့ခေါ်ပြီး ထွက်ကြည့်တဲ့အချိန်မှာဖြစ်တာ။ သူ့အဖေနဲ့ နောက်အမျိုးသားတစ်ယောက်က ထွက်ကြည့်တော့ အဲနှစ်ယောက်ကိုလည်း ပြန်ထိုးတာ” လို့ ပြောပါတယ်။
ဓားထိုးခံရပြီးနောက် သက်ဆိုင်ရာနဲ့ လူမှုကူညီရေးအသင်းတွေက ရောက်လာပြီးတော့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ချိန် ၎င်းအမျိုးသမီးဟာ ဒဏ်ရာ ပြင်းထန်လွန်းတာကြောင့် ဆေးရုံမှာ သေဆုံးခဲ့တာပဲ ဖြစ်ပါတယ်။
၎င်းအမျိုးသမီးဟာ လာမယ့်ရက်ပိုင်းမှာ အိမ်ထောင်ပြုတော့မှာဖြစ်ပြီး ရည်းစားဟောင်းဖြစ်သူက ဓားနဲ့ထိုးသတ်ခဲ့တာဖြစ်ကြောင်း သတင်းဌာနတချို့မှာ ဖော်ပြထားပေမဲ့ ရွှေဖီမြေကတော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
အလားတူ ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်ကလည်း ပြင်ဦးလွင်မြို့ရှောင်လမ်းမှာ ဓားဒဏ်ရာ၊ သေနတ်ဒဏ်ရာနဲ့ သေဆုံးပုတ်ပွနေတဲ့ အမျိုးသမီးအလောင်း ၂ လောင်းကို တွေ့ခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။