ရွှေဖီမြေ၊ ဇွန်လ ၂၆ ရက်၊ လားရှိုး
စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့က မူးယစ်ဆေးဝါး အရောင်းအဝယ် လုပ်နေသူ ၂ ဦးကို စစ်ကောင်စီ လက်အောက်ခံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအဖွဲ့က ဖမ်းပြီး ငွေသိန်းရာချီ ယူကာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ လားရှိုးဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ဇွန်လ ဒုတိယပတ်အတွင်း လားရှိုးမြို့ ရပ်ကွက်(၅)ရှိ အထက(၆) အနောက်ဘက်က နေအိမ်တစ်အိမ်နဲ့ ရပ်ကွက်(၇)ရှိ နေအိမ်တစ်အိမ်ကို မူးယစ်အဖွဲ့က သတင်းရလို့ဆိုပြီး ဝင်ရောက်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ဆေးမှုအတွင်း ဆေးခြောက်အထုပ် တွေ့ရှိခဲ့တာကြောင့် အဲဒီနေအိမ်ထဲက အမျိုးသား ၂ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပဲ ဖြစ်ပါတယ်။
ဖြစ်စဉ်သိရှိသူ လားရှိုးဒေသခံတစ်ဦးက “သတင်းရလို့ ဝင်စစ်တာ။ ဆေးခြောက်အထုပ် တွေ့တော့ ဖမ်းသွားတာ။ နောက်တစ်အိမ် ဆက်ဝင်တော့ အဲအိမ်မှာ ဆေးခြောက်အပင်တွေနဲ့ ဘီဒိုထဲက ဆေးခြောက်ထုတ်တွေ တွေ့လို့ ထပ်ဖမ်းပါတယ်။ သူတို့ မိဘတွေနဲ့ ညှိနှိုင်းပြီးမှ တစ်ယောက်က သိန်း ၇၀၀ ကျော် တစ်ယောက်က သိန်း ၄၀ ကျော်နဲ့ အပေးအယူ လုပ်ပြီးမှ ပြန်လွှတ်ပေးလိုက်တယ်” လို့ ပြောပါတယ်။
လားရှိုးက မူးယစ်တပ်ဖွဲ့တချို့ဟာ ဖမ်းမိထားတဲ့ မူးယစ်ဆေး အရောင်းအဝယ် လုပ်သူနဲ့ သုံးစွဲသူတွေကို အမှုဖွင့်တရားစွဲဆိုခြင်းနဲ့ အချုပ်ထဲ ထည့်သွင်းထိန်းသိမ်းခြင်း မရှိဘဲ ငွေကြေး တောင်းခံကာ ပြန်လွှတ်ပေးတာတွေ ပြုလုပ်နေတယ်လို့ အထက်ပါ ဖြစ်စဉ်သိရှိသူက ဆက်ပြောပါတယ်။
“ရုံးအချုပ်ထဲ မထည့်ဘဲ ငွေတောင်းပြီး လုပ်စားသွားကြတာပါ။ အဲဒီနှစ်ယောက်ဆိုလည်း မူးယစ်အဖွဲ့နဲ့ ရပ်ကွက်လူကြီးတွေပါ ရောက်လာကြတာ။ ညှိနှိုင်းပြီးမှ သိန်းဆယ်ချီနဲ့ အပေးအယူ တည့်သွားကြတယ်။ မူးယစ်အဖွဲ့တချို့ လုပ်စားနေကြတာကို ပြောပြတာ”
စစ်တပ် ပြန်လည်ထိန်းချုပ်တဲ့ လားရှိုးမှာ မူးယစ်ဆေးဝါး သုံးစွဲသူနဲ့ အရောင်းအဝယ် ပြုလုပ်သူတွေ များလာတာအပြင် လုယက်မှု၊ ဓားပြတိုက်မှုနဲ့ ပြန်ပေးဆွဲမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် ကိုးကန့်တပ်မတော်- MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ပေါ်က နေရာတွေကို ပြီးခဲ့တဲ့၂၀၂၅ ခုနှစ် ဧပြီ ၂၁ ရက်မှာ စစ်ကောင်စီထံ ပြန်လည် လွှဲပြောင်းပေးခဲ့ရတာပဲ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။