ပပ၊ မေလ ၁၉ ရက်၊ ပြင်ဦးလွင်
မန္တလေးတိုင်း ပြင်ဦးလွင်မြို့ ဖက်ဆွတ်ကန်ထဲ ရေ ဆင်းကူးတဲ့ ကလေး ၃ ဦး ရေနစ်သေဆုံးသွားကြောင်း ရပ်ကွက်နေ အမျိုးသားရဲ့ ပြောပြချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၇ ရက် ညနေ ၅ နာရီခွဲမှာ ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး ၁၂ ရှိ ဖက်ဆွတ်ရေကန်ထဲ ရပ်ကွက် ၈ နေ အသက် ၁၀ နှစ်ကျော်အရွယ် ကလေး(အမျိုးသား) ၃ ဦးဟာ ရေ ဆင်းကူးရင်း ရေနစ်သေဆုံးခဲ့တာပဲ ဖြစ်ပါတယ်။
ရပ်ကွက်နေ အမျိုးသားက “သူတို့က တခြားမြို့နယ်က ပြောင်းလာနေကြတယ်လို့ ပြောတယ်။ ဒီရာသီက တအားပူတာလေ။ အဲကြောင့် ရေ ဆင်းဆော့ကြတာ” လို့ ပြောပါတယ်။
ရေနစ်သေဆုံးပြီး နာရီပိုင်းအတွင်း တာဝန်ရှိသူနဲ့ ပရဟိတအသင်းတွေက ရှာဖွေကယ်ဆယ်ပေးခဲ့ပြီး အလောင်းကိုတော့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဧပြီလကလည်း ၎င်းနေရာသို့ ရေ ဆင်းကူးတဲ့ အမျိုးသားတစ်ဦး သေဆုံးခဲ့ဖူးတယ်လို့ ဆိုပါတယ်။
အလားတူ မေလ ၁၁ ရက်ကလည်း ရှမ်းတောင် လွိုင်ကော်မြို့နယ် သဲချောင်းမှာ ဆယ်ကျော်သက်အရွယ် ကလေး ၃ ဦး ရေနစ်သေဆုံးခဲ့ပါတယ်။
ရေနစ်သေဆုံးတာဟာ အခုလို ပူပြင်းတဲ့ နွေရာသီမှာ အဖြစ်များတာကြောင့် ကလေးငယ်နဲ့ ဒေသခံတွေက မြစ်ချောင်းတွေဘက်သွားရင် အထူးဂရုစိုက်ကြဖို့လိုကြောင်း မီးသတ်တပ်ဖွဲ့နဲ့ ပရဟိတအသင်းတွေက ရွှေဖီမြေကို ပြောဆိုထားဖူးပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။