ရွှေဖီမြေ၊ ဇွန်လ ၇ ရက်၊ နမ့်ဆန်
တအာင်းကျန်းမာရေးအဖွဲ့အစည်း- THO နဲ့ တအာင်းပြည် ကျန်းမာရေးကောင်စီ- THC တို့ ပူးပေါင်းပြီး နမ့်ဆန်၊ နမ္မတူနဲ့မန်တုံမြို့နယ်ရှိ ကလေးငယ် ၅ ထောင်ကျော်အပြင် ကိုယ်ဝန်ဆောင်မိခင် ၃ဝဝ ကျော်ကို ကာကွယ်ဆေး ထိုးနှံပေးခဲ့ပါတယ်။
အသက် ၁ဝ နှစ်အောက် ကလေးငယ် (၅,၅၆၂)ဦးနဲ့ ကိုယ်ဝန်ဆောင်မိခင် ၃၃၁ ဦးကို ထိုးနှံပေးခဲ့ကြောင်း တအာင်းတပ်မတော်က မနေ့ ဇွန်လ ၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။
နမ့်ဆန်မြို့နယ်ထဲ မေလ ၂၅ ရက်ကနေ ၂၉ ရက်အထိ နမ့်ဆန်ပြည်သူ့ဆေးရုံမှာ ဆယ်နှစ်အောက် ကလေးငယ် (၄,၁၈၄)ဦး၊ ကိုယ်ဝန်ဆောင်မိခင် ၃၁၈ ဦး၊ နမ္မတူမြို့နယ်ထဲ မေလ ၂၂ ရက်ကနေ ၂၆ ရက်အထိ နမ္မတူပြည်သူ့ဆေးရုံမှာ ၅ နှစ်အောက် ကလေးငယ် ၈၈၉ ဦး၊ ကိုယ်ဝန်ဆောင်မိခင် ၅ ဦးတို့ကို ထိုးနှံပေးခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ မန်တုံမြို့နယ်ထဲလည်း မေလ ၂၄ ရက်ကနေ ၂၇ ရက်အထိ မန်တုံမြို့ဆေးရုံကြီးမှာ ၅ နှစ်အောက် ကလေးငယ် ၄၈၉ ဦးနဲ့ ကိုယ်ဝန်ဆောင်မိခင် ၈ ဦးကို ကာကွယ်ဆေး ထိုးနှံပေးခဲ့ပါတယ်။
ထိုးနှံပေးခဲ့တဲ့ ကာကွယ်ဆေးဟာ BCG Vaccine (ပြင်းထန်တီဘီရောဂါ ကာကွယ်ဆေး)၊ IPV Vaccine (ပိုလီယို အကြောသေရောဂါ ကာကွယ်ဆေး)၊ Pentavalent Vaccine (ငါးမျိုးစပ် ကာကွယ်ဆေး)၊ MMR Vaccine (ဝက်သက်၊ ဂျိုက်သိုးနဲ့ ပါးချိတ်ရောင်ရောဂါ ကာကွယ်ဆေး)၊ JE Vaccine (ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး)နဲ့ ကိုယ်ဝန်ဆောင်မိခင်အတွက် Td Vaccine (မေးခိုင်နဲ့ ဆုံဆို့နာ ကာကွယ်ဆေး)တို့ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။