ရွှေဖီမြေ၊ စက်တင်ဘာ ၂ ရက်
ရှမ်းရှေ့ ကျိုင်းတုံ-တောင်ကြီးကားလမ်းမှာ ခရီးသည်တင်ကားတစ်စီး ချောက်ထဲပြုတ်ကျရာကနေ ၁ ဦးသေဆုံးပြီး ၁၉ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မိုင်းပျဥ်းမြို့နယ် မီးသတ်ဦးစီးမှူးက ပြောပါတယ်။
မနေ့ စက်တင်ဘာ ၁ ရက် ည ၉ နာရီအကျော်မှာ ကျိုင်းတုံ-တောင်ကြီးကားလမ်းပေါ်က ခမ်းပေါ့ကျေးရွာနဲ့ တောင်သုံးလုံးကျေးရွာအနီးမှာ မှန်လုံခရီးသည်တင်ကားတစ်စီး ဘရိတ်ပေါက်ပြီး ချောက်ထဲပြုတ်ကျခဲ့တာ ဖြစ်ပါတယ်။
“ခရီးသည်တင်ကားက တာချီလိတ်ကနေ မန္တလေးကို သွားမယ့်ကားပါ။ ကားက ဘရိတ်ပေါက်ပြီး ချောက်ထဲကျသွားတာ။ ကားထဲမှာ လူ ၂၈ ဦး ပါလာတယ်။ ကားဆရာတွေရော သူရဲ့စပယ်ယာတွေ ခရီးသည်တွေရော ၂၈ ဦး ရှိတယ်။ အမျိုးသမီးတစ်ယောက်က သေတယ်။ အဲဒီဒဏ်ရာရတဲ့သူ ၁၉ ယောက်ကတော့ စိုးရိမ်စရာမရှိပါဘူး။ မိုးတွင်းကလည်း ဖြစ်ပြန်တော့ လမ်းတွေကလည်း အကွေ့အကောက် အတက်အဆင်းများတော့လေ” ဆိုပြီး ၎င်းက ပြောပါတယ်။
သေဆုံးသွားတဲ့ အမျိုးသမီးဟာ အသက် ၄၀ နှစ်အရွယ်ရှိပြီး တာချီလိတ်မြို့က ဒေသခံ ဖြစ်တယ်လို့ ဆိုပါတယ်။
ယာဥ်တိမ်းမှောက်မှုဖြစ်ပွားတဲ့နေရာကို မိုင်းပျဉ်းမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်တွေက သွားရောက်ကူညီပေးခဲ့ပြီး သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေကိုတော့ တုံတာလူမှုကူညီရေးအသင်းပိုင်ယာဉ်နဲ့ တုံတာတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။