လွေးလာဝ်ဇာရ်၊ ဩဂုတ် ၁၁ ရက်၊ မူဆယ်
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ မူဆယ်မြို့ စွမ်စော်ရပ်ကွက်ထဲက ပြည်သူ့စစ်ရုံးတစ်ခုမှာ အခကြေးငွေယူပြီး အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန်) လုပ်ကိုင်သူတွေကို ရုံးထဲမှာ ဝှက်ထားတယ်လို့ ထွက်ပြေးလွတ်မြောက်လာတဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မူဆယ်မြို့ စွမ်စော်ရပ်ကွက်က (၅) လမ်းထိပ်မှာ ရုံးဖွင့်လှစ်ထားတဲ့ အဲဒီပြည်သူ့စစ်အဖွဲ့ဟာ နမ့်ခမ်းမြို့မ ပြည်သူ့စစ်အဖွဲ့ (၁) ဖြစ်ပြီး ရုံးအတွင်းမှာ ရဲဘော်တွေကိုလည်း ရိုက်နှက်နှိပ်စက်တဲ့အပြင် ထွက်စာတင်ပြရင်လည်း ငွေသိန်းနဲ့ချီ ပြန်လည်ပေးဆပ်ရမယ်လို့ ဆိုပါတယ်။
ထွက်ပြေးလာတဲ့ ပြည်သူ့စစ်တစ်ဦးက “ကျားဖြန့်လုပ်တဲ့ တရုတ်တွေကို ပိုက်ဆံယူပီး ဝှက်ထားပါတယ်။ အဲဒီမှာ စစ်တပ်က ဖြုတ်လိုက်တဲ့ အရာရှိ ၂ ယောက်က ရဲဘော်တွေကို ရိုက်နှက်နှိပ်စက်တာတွေ လုပ်ပါတယ်။ သံပိုက်လုံးနဲ့ မထနိုင်အောင်အထိ ရိုက်နှက်တာတွေ လုပ်ပါတယ်။ ကျနော်တို့ မလုပ်ချင်တော့လို့ တင်ပြရင်လဲ ထွက်ခွင့်မပေးပါဘူး။ ထွက်ပြေးလို့ မိသွားရင်လဲ နှိပ်စက်ပါတယ်။ သူတို့မှာ တရားမဝင်လက်နက်တွေနဲ့ ဖမ်းစီးထားတဲ့ သူတွေလည်း ရှိပါတယ်။ ကျနော်က မခံနိုင်တော့လို့ ထွက်ပြေးလာတာ” လို့ ပြောပါတယ်။
အဲပြည်သူ့စစ်ရုံးထဲမှာ တာဝန်ထမ်းဆောင်နေတဲ့ ပြည်သူ့စစ်ရဲဘော်တွေကို လစာအပြည့်မပေးသလို အပြစ်မရှိသူတွေကိုလည်း အကြောင်းမဲ့ အပြစ်ရှာပြီး ထောင်ချထားတာတွေ ရှိတယ်လို့ ၎င်းက ဆက်ပြောပါတယ်။
“သူများတွေ အလုပ်မရှိကြဘူးဆိုတော့။ သူတို့က အလုပ်ခေါ်တယ်။ ဝင်တာနဲ့ စာချုပ်ချုပ်တယ်။ တစ်နှစ်လား ဘယ်လောက်ဘယ်လောက်ဆိုပြီး ချုပ်တယ်။ သူတို့က ပြည်သူ့စစ်လုပ်ရင် လစာ ၃ သိန်းခွဲပေးမယ်ဆိုပြီး ၃ သိန်းဘဲပေးတာ။ ၅ သောင်းက ပြန်ဖျက်တာ။ ပြန်လည်း မရဘူး။ စစ်တပ်ကနေ ရောက်လာတဲ့ ဗိုလ်မှူးနှစ်ယောက်က သူများကို အရမ်းရိုက်တာ။ အလုပ်ရှာနေတဲ့သူတွေ အလုပ်ရှာတယ်ဆိုရင် သေချာစုံစမ်းပြီးမှ လုပ်ပါလို့ ပြောချင်တယ်။ အခုတောင် အထဲကလူတွေ မလုပ်ချင်ဘဲနဲ့ ကြောက်လို့ လုပ်နေရတာ” လို့ ပြောပါတယ်။
အဲပြည်သူ့စစ်အဖွဲ့ထဲမှာ ဦးဆောင်နေသူနှစ်ဦးကတော့ မင်းမော်ဟန်နဲ့ ကိုအိုက်မင်းဆိုသူဖြစ်ပြီး သူတို့နှစ်ဦးလုံးဟာ စစ်တပ်ကနေ ထွက်လာတဲ့ ဗိုလ်မှူးတွေဖြစ်ကြတယ်လို့လည်း ဆိုပါတယ်။
တရုတ်ဖိအားကြောင့် ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက်က မူဆယ်မြို့ ဖူလီလိုက်အပေါ်ဘက်မှာရှိတဲ့ ကျားဖြန်ကုမ္ပဏီတစ်ခုက ကျားဖြန်လုပ်ကိုင်သူတွေကို စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ပြီး အဲဒါအပြင် ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်မှာလည်း မူဆယ်မြို့ စွမ်စော်နဲ့ ကောင်းမှုတုံရပ်ကွက်ရှိ ကျားဖြန်တွေကို စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းစီးခဲ့ရာ တရုတ်နိုင်ငံသား ၄၁ ဦးနဲ့ မြန်မာနိုင်ငံသား ၉၂ ဦး ဖမ်းဆီးရမိခဲ့ပါတယ်။
၎င်းတို့ ထိန်းချုပ်နယ်မြေက ကျားဖြန်လုပ်ကိုင်သူ ဖမ်းဆီးတာတွေဟာ လိုင်းကြေးပေးဆောင်ခြင်းမရှိလို့ ဖမ်းဆီးတာဖြစ်ပြီး လက်ရှိမှာလည်း ကျားဖြန့်လုပ်ငန်းက ဆက်လက်ကျယ်ပြန့်နေဆဲလို့ စစ်တပ်အသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေထံက သိရပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။