မိုင်းရူပ၊ ဇူလိုင် ၁၄ ရက်၊ နောင်ချို
စစ်ကောင်စီတပ်ဘက်က ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတဲ့ နောင်ချိုမြို့မှာ မနေ့ ဇူလိုင် ၁၃ ရက် ညနေပိုင်းအထိ မြို့အစွန်ရပ်ကွက်တွေထဲထိ စစ်ကောင်စီတပ်တွေ ဝင်ရောက်လာပြီလို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတွေက ပြောပါတယ်။
“စစ်ကောင်စီတွေ မြို့ထဲဝင်လာတာ ဟုတ်တယ်။ မြို့တောင်ဘက် အစွန်နေရာတွေပေါ့” လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာလည်း စစ်ကောင်စစ်ကြောင်းဟာ မနေ့ ဇူလိုင် ၁၃ ရက်မှာ နောင်ချိုမြို့ တောင်ရပ်ကွက်ဘက်ကို ဝင်ရောက်နိုင်ပြီလို့ ဓာတ်ပုံတွေနဲ့ ရေးသားဖော်ပြနေကြပါတယ်။
TNLA တပ်ဘက်ကတော့ နောင်ချိုမြို့နယ်ရှိ ရွှေပြည်ညွန့်၊ ကျောက်တော၊ ကုန်းစံ၊ ပန်လန်းနဲ့ ကျောက်ကြမ်းကျေးရွာတွေမှာ စစ်ကောင်စီနဲ့ TNLA အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်လို့ မနေ့ ဇူလိုင် ၁၃ရက်မှာ ထုတ်ပြန်ထားပါတယ်။
နောင်ချိုမြို့အခြေအနေနဲ့ ပတ်သက်ပြီး အသေးစိတ်သိရဖို့ PSLF/TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကို ရွှေဖီမြေက ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပြီး ဒီနေ့ အခြေအနေကိုတော့ မသိရသေးဘဲ ရွှေဖီမြေအနေနဲ့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဟာ ၎င်းတို့လက်လွတ်ခဲ့ရတဲ့နောင်ချိုမြို့ကို ပြန်ရဖို့ စစ်ကြောင်း ၂ ကြောင်းခွဲပြီး စစ်အင်အားထောင်နဲ့ချီအသုံးပြုကာ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တအာင်းတပ်ဘက်ကလည်း ဆက်လက်ခုခံနေဆဲ ဖြစ်ပါတယ်။
နောင်ချိုမြို့အခြေစိုက် စစ်ကောင်စီရဲ့ အမှတ်(၆၀၆) ဒုံးတပ်ရင်းအပါအဝင် ခြေမြန်တပ်ရင်း-၁၁၄၊ ခမရ- ၁၁၅ တို့ကို ၂ ပတ်ကြာ တိုက်ခိုက်သိမ်း ပိုက်ပြီး နောင်ချိုမြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇူလိုင် ၁၀ ရက်မှာ ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။