မိုင်းရူပ၊ ဇွန်လ ၂၀ ရက်၊ မူဆယ်
ညီနောင်မဟာမိတ် ၃ ဖွဲ့ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် တရုတ်- မြန်မာနယ်စပ် မူဆယ် ၁၀၅ မိုင် ကျင်စန်းကျော့နယ်စပ်ဂိတ်မှာ ကုန်သွယ်မှုတွေ ပိုမိုလုပ်ဆောင်လာကြတယ်လို့ ၁၀၅ မိုင်ရှိ နယ်စပ်ကုန်သည်တွေဆီက သိရပါတယ်။
တရုတ်ဘက်ကနေ မြန်မာဘက်ကို စားသောက်ကုန်တွေ သယ်ယူခွင့်ပြုနေပြီး မြန်မာဘက်နေ ပြောင်းဖူး၊ ကြံ၊ မီးသွေးနဲ ထင်းစတာတွေကို တင်သွင်းခွင့်ပြုခဲ့ကာ စက်ပစ္စည်းတွေကိုတော့ တရုတ်ဘက်က ဆက်လက်ကန့်သတ်ထားဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
“ကုန်သွယ်ရေးကတော့ အရင်ကထက်စာရင် အများကြီးတော့ လုပ်လာကြပြီ။ တရုတ်ဘက်ကနေ မြန်မာဘက်ကို ကုန်တော်တော်များများတော့ ဝင်ပါပြီ။ စက်ပစ္စည်းက လွှဲရင်ပေါ့” ၁၀၅ မိုင်ရှိ နယ်စပ်ကုန်သည်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ကျင်စန်းကျော့နယ်စပ်ကို ပြီးခဲ့တဲ့ မတ်လကစပြီး တရုတ်ဘက်က ပြန်ဖွင့်ပေးခဲ့ပေမဲ့ ကုန်သွယ်မှုတွေ အနည်းငယ်သာ ပြုလုပ်နိုင်ခဲ့ပြီး ဇွန်လထဲမှာ ကုန်သွယ်မှုတွေ ပိုလုပ်လာတာ ဖြစ်ပါတယ်။
ကျင်စန်းကျော့ နယ်စပ်ကုန်သွယ်ရေးအတွက် လာမယ့် ဇူလိုင်လကစပြီး အွန်လိုင်း အခွန်စည်းကြပ်မှု စတင်မယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ အကောက်ခွန်ဌာနက ကြေညာထားပါတယ်။
တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ ကျင်စန်းကျော့နယ်စပ်ဂိတ်ကို ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအပြီးမှာ ညီနောင်မဟာမိတ် ၃ ဖွဲ့က ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။