မိုင်းရူပ၊ မေလ ၂၉ ရက်၊ နောင်ချို
ရှမ်းမြောက် နောင်ချိုမြို့နယ်ရှိ တအာင်းတပ်မတော်-TNLA ရဲ့ တပ်စခန်းတွေကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတွေက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ မေလ ၂၈ ရက်ကစပြီး စစ်ကောင်စီတပ်ဟာ နောင်ချိုမြို့နယ် နောင်လိတ်ကျေးရွာကနေ ရွှေမုဌောရွာရှိ TNLA တပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ဒီနေ့ မေလ ၂၉ ရက် မနက်ပိုင်းအထိ တိုက်ပွဲပြင်းထန်နေတယ်လို့ ဆိုပါတယ်။
“ဒီနေ့မနက် ၉ နာရီခွဲကတည်းက ရွှေမုဌောမှာ တိုက်ပွဲပြင်းထန်နေတယ်။ ယာပြင်နဲ့ သရက်ချိုဘက်မှာ စစ်ကောင်စီက ထိုးစစ်ဆင်တာ မရှိသေးဘူး။ ဒရုန်းနဲ့ ဗုံးတွေလာကြဲတာတော့ရှိတယ်” လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ရွှေမုဌောရွာဟာ စစ်ကောင်စီရဲ့ အမြှောက်တပ်တွေတည်ရှိရာ တောင်းခမ်းကျေးရွာနဲ့ TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ရဲ့ကြားမှာ တည်ရှိပြီး နောင်ချိုမြို့နဲ့ မိုင် ၁၀ ဝန်းကျင်သာ ကွာဝေးတယ်လို့ သိရပါတယ်။
စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ရွှေမုဌောရွာကို စစ်ကောင်စီတပ်က မနေ့ မေလ ၂၈ ရက်မှာ ထိန်းချုပ်နိုင်ခဲ့တယ်လို့ ရေးသားဖော်ပြနေကြပါတယ်။
စစ်ကောင်စီတပ်ဟာ ၎င်းတို့လက်လွှတ်ထားရတဲ့ နောင်ချိုမြို့ကို ပြန်ရဖို့ တောင်းခမ်းနဲ့ အုမ္မတီးရွာဘက်ကနေ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တအာင်းတပ်ဘက်က ၎င်းတို့ထိန်းချုပ်ထားတဲ့ နေရာအချို့ လက်လွှတ်ခဲ့ရတာတွေ ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း စစ်ကောင်စီတပ်ဘက်က ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် TNLA ထိန်းချုပ်ထားတဲ့ သရက်ချိုနဲ့ ယာပြင်ကျေးရွာကို စစ်ကောင်စီက ပြန်ထိန်းချုပ်ခဲ့ပါတယ်။
နောင်ချိုမြို့နယ်က တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး အသေးစိတ်သိရဖို့ တအာင်းတပ်ဘက်ကို ရွှေဖီမြေက ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။