မိုင်းပန်ပျော်၊ မေလ ၂၃ ရက်၊ လားရှိုး
တရုတ်အကူညီနဲ့ ရှမ်းမြောက် လားရှိုးမြို့ကို ပြန်လည်ထိန်းချုပ်ခဲ့တဲ့ စစ်ကောင်စီတပ်ဟာ လားရှိုးမြို့ပေါ်က စာသင်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်ပြီး ကျောင်းသူ ကျောင်းသားတွေ စတင်လက်ခံနေပြီလို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
မနေ့ မေလ ၂၂ ရက်ကစပြီး လားရှိုးမြို့ပေါ်က စာသင်ကျောင်းတွေကို စစ်ကောင်စီတပ် ပြန်လည်ဖွင့်လှစ်ဖို့ ကျောင်းသူကျောင်းသားတွေကို မူလတန်းကနေ အထက်အတန်းအထိ ကျောင်းအပ်စတင်လက်ခံနေတာလို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“ကျောင်းက မနေ့ကတည်းက ကျောင်းအပ်လက်ခံတာ ကျောင်းတိုင်းလိုလို လက်ခံတာ။ မနေ့က အထက (၄) မှာ ကျောင်းအဆောက်အဦးကြေးဆိုပြီး ၁ သိန်းကောက်တယ်။ ဒီနေ့တော့ သူတို့လူကြီး သူတို့ကို ပြန်မကောက်ခိုင်းတော့လို့ထင်တယ်။ သူတို့မကောက်တော့ဘူး။ ကျနော်တို့ ရပ်ကွက်မှုးလည်း ပြောတယ် ဒီနေ့ သူတို့ ပိုက်ဆံတောင်းရင်မပေးနဲ့တဲ့”
လားရှိုးမြို့ အထက်တန်းကျောင်း အထက (၈) မှာလည်း ကျောင်းသားမိဘတွေက တိုက်ပွဲတုန်းက ပျက်စီးသွားတဲ့ ကျောင်းဆောင်ဖိုးအတွက်ဆိုပြီး ပိုက်ဆံ ၁ သိန်းကောက်ခံတာတွေရှိနေတယ်လို့ အထက်ပါအမျိုးသားက ဆက်ပြောပါတယ်။
လားရှိုးမြို့ပေါ်က စာသင်ကျောင်းတွေကို လာမယ့် ဇွန်လ ၁ ရက်မှာ သတင်ဖွင့်လှစ်သွားမယ်လို့ စစ်ကောင်စီတပ်ဘက်က ထုတ်ပြန်ထားပါတယ်။
အခြေခံပညာ စာသင်ကျောင်းတွေမှာ ကျောင်းအပ်လက်ခံရာမှာ အခမဲ့လို့ စစ်ကောင်စီက ကြေငြာထားထားတာ ဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။