ရွှေဖီမြေ၊ ဧပြီ ၂ ရက်၊ နောင်ချို
တရုတ်နိုင်ငံ ကြက်ခြေနီအသင်းက မြန်မာနိုင်ငံ ငလျင်ဘေးသင့်သူတွေအတွက် ထောက်ပံ့ရေးပစ္စည်းတွေ သယ်ဆောင်လာတဲ့ ယာဉ်တန်း ၉ စီးကို စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်လာပါတယ်။
ဧပြီ ၁ ရက် ည ၉ နာရီခွဲမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး တရုတ်နိုင်ငံ ကြက်ခြေနီအသင်းဟာ မန္တလေးမြို့က ငလျင်ဘေးသင့်သူတွေအတွက် ထောက်ပံ့ဖို့ သွားရာကနေ စစ်တပ်က ကြားဖြတ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
နောင်ချိုမြို့နယ် အုမ္မတီးရွာမှာ စစ်ကောင်စီတပ်က စောင့်ပြီး ပစ်ခတ်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၎င်းတို့မသွားခင်မှာ မန္တလေးမြို့ဘက် ခရီးဆက်သွားမယ်ဆိုတဲ့အကြောင်းကိုလည်း စစ်ကောင်စီထံ သတင်းပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။
အခုလို လမ်းခရီးမှာ ပစ်ခတ်ခံခဲ့ရပြီးနောက် တရုတ်နိုင်ငံ ကြက်ခြေနီအသင်းက နောင်ချိုဘက် ပြန်လည် ဆုတ်ခွာလာခဲ့ရပါတယ်။
တရုတ် ကြက်ခြေနီအသင်းသားနဲ့ ထောက်ပံ့ရေးပစ္စည်းတွေ သယ်ဆောင်လာတဲ့ ယာဉ်တန်း ၉ စီးကို တအာင်းတပ်ဘက်က ကာကွယ်စောင့်ရှောက်ပေးထားပြီး လိုရာခရီးကို ဆက်လက် ပို့ဆောင်သွားမယ်လို့ TNLA က ထုတ်ပြန်ချက်မှာ ဆက်လက် ဖော်ပြထားပါတယ်။