မိုင်းပန်ပျော်၊ မတ်လ ၆ ရက်၊ လားရှိုး
ကိုးကန့်တပ်မတော်-MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့နယ် မန်ဆန်ရေကျကျေးရွာမှာ ကိုးကန့်တပ်မတော်-MNDAA ရဲ့ တပ်သားတစ်ဦးက လက်ပစ်ဗုံး ဆော့ကစားရာကနေ ပေါက်ကွဲပြီး ဒဏ်ရာရရှိခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ မတ်လ ၃ ရက် မနက်ပိုင်း ၉ နာရီအချိန်မှာ အဲဒီ MNDAA တပ်သားက လက်ပစ်ဗုံးရဲ့ ဂတ်(စ်) ကို ကျောက်လှည့်နဲ့ ဖြုတ်ဖို့လုပ်တဲ့အချိန် ပေါက်ကွဲခဲ့တာကြောင့် သူရဲ့လက်ချောင်း သုံးချောင်းပြတ်ပြီး ဒဏ်ရာရခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူအမျိုးသားတစ်ဦးက ရွှေဖီမြေကိုပြောပါတယ်။
“မန်ဆန်ရေကျမှာ တရုတ်စစ်သားတစ်ယောက်က သူလက်ပစ်ဗုံးရဲ့ ဂတ်(စ်) ကိုကျောက်လှည့်နဲ့ဖြုတ်တာလေ။ အဲ့ဒါပေါက်ကွဲပြီး သူ့ရဲ့လက်ချောင်းသုံးချောင်းပြတ်တယ်။ မျက်နှာနဲ့ တစ်ခြားနေရာတွေမှာလည်း ဒဏ်ရာရတယ်”လို့ ဆိုပါတယ်။
အဆိုပါဒဏ်ရာရခဲ့တဲ့သူရဲ့ ကိုယ်ရေးအချက်အလက်ကိုတော့ သူကမသိရှိရဘူးလို့ ၎င်းကဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်မှာလည်း သီပေါမြို့နယ် ကုန်းစုံကျေးရွာက နေအိမ်တစ်ခုမှာ ပေါက်ကွဲမှုဖြစ်ပွားပြီး ၂ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရခဲ့သလို ကွတ်ခိုင်မှာလည်း လက်နက်အကျွင်းအကျန်ယူဆော့မိလို့ ကလေးတွေ ထိခိုက်သေဆုံးတာတွေ ရှိခဲ့ပါတယ်။