လွေးထွေး၊ မတ်လ ၃ ရက်၊ ကျောက်မဲ
တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့က ၅၀၁၊ ၅၀၂ တပ်စခန်းကုန်းအပေါ်ကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
ဒီနေ့ မတ်လ ၃ ရက် မနက် ၁၀ နာရီ ဝန်းကျင်မှာ ၅၀၁၊ ၅၀၂ တပ်စခန်းကြားက ခန်းမပေါ်ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
“ခန်းမကြီးကို ကြဲသွားတာ။ မြို့ကိုတော့ သုံးလေးပတ်တော့ ပတ်သွားတယ်” လို့ ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ တအာင်းတပ် TNLA တို့ရဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက်နဲ့ ၁၇ ရက် ဆွေးနွေးပွဲအတွင်းနဲ့ ဆွေးနွေးပွဲ အပြီးမှာ တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ နမ္မတူ၊ နောင်ချို၊ မိုးမိတ်နဲ့ ကျောက်မဲမြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု မကြာခဏ ပြုလုပ်လာနေပါတယ်။
ဖေဖော်ဝါရီလ တစ်လအတွင်း စစ်ကောင်စီတပ်မှ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရှမ်းမြောက်က ကလေးအပါအဝင် ၁၃ ဦး သေဆုံးခဲ့ရပြီး ၃၆ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း TNLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။