ရွှေဖီမြေ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ နောင်ချို
တအာင်းတပ်- TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ် တိုက်ပွဲမှာ စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံး ကြဲချတိုက်ခိုက်ခဲ့လို့ TNLA တပ်သား ၁၀ ဦး ဒဏ်ရာ ရခဲ့တယ်လို့ TNLA က ဒီနေ့ ဖေဖော်ဝါရီ ၂၄ ရက်မှာ ထုတ်ပြန်လာပါတယ်။
မနေ့ ဖေဖော်ဝါရီ ၂၃ ရက် နေ့လယ် ၁ နာရီခွဲမှာ တောင်ရှည်-မန်မော်ရွာကြားက စစ်တပ်နဲ့ TNLA တို့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံး ကြဲချခဲ့တာကြောင့် TNLA တပ်သား ၁၀ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပြီး ၄ ဦး ဒဏ်ရာ ပြင်းထန်တယ်လို့ ဆိုပါတယ်။
အဆိပ်ငွေ့ကို ရှူရိုက်မိတဲ့ TNLA တပ်သားတွေဟာ မူးဝေတာ၊ အသက်ရှူ မြန်ဆန်တာ၊ မအီမသာဖြစ်တာ၊ စိတ်လှုပ်ရှား မြန်ဆန်တာ၊ မောပန်းတာနဲ့ အောက်စီဂျင်ကျတဲ့ဝေဒနာတွေ ခံစားနေရပြီး ဆေးကုသမှု ခံယူနေတယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။
နိုင်ငံတကာက တားမြစ်ထားတဲ့ အဆိပ်ငွေ့ဗုံးကို စစ်တပ်က အသုံးပြုတိုက်ခိုက်နေတာဟာ စစ်ရာဇဝတ်မှုကို ကျူးလွန်နေတာလို့ ဆိုပါတယ်။
ဖေဖော်ဝါရီလအတွင်း စစ်တပ်က အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ ဦးတည်ပြီး လက်နက်ကြီး ပစ်ခတ်တာနဲ့ လေကြောင်းကနေ ဗုံးကြဲတာတွေကြောင့် TNLA ထိန်းချုပ်နယ်မြေက ကလေးငယ်အပါအဝင် အရပ်သား ၇ ဦး သေဆုံးပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။