မြတ်နိုး၊ ဩဂုတ် ၁၁ ရက်၊ နမ့်ဖတ်ကာ
ရှမ်းမြောက် ပြည်ထောင်စုလမ်းမပေါ်က ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရွာမှာ ဩဂုတ် ၂ ရက် ညနေပိုင်းမှာ ကချင်တပ်မတော်- KIA ရဲဘော်တစ်ဦးနဲ့ ဈေးသည် အမျိုးသားတစ်ဦး ဆိုင်ကယ်ချင်း တိုက်မိပြီး တစ်ဦးသေဆုံးကာ တစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပါတယ်။
“ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ နမ့်ဖတ်ကာ ရပ်ကွက် ၅ ရီးယန်ဂိတ်က KIA ရဲဘော်တစ်ဦး ဆိုင်ကယ်နဲ့ နမ့်ဖတ်ကာရွာဘက် ဆင်းလာချိန် ဈေးသည် အမျိုးသားတစ်ဦးနဲ့ တိုက်မိကြတယ်” လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
KIA ရဲဘော်က ဖြစ်စဉ်နေရာမှာတင် အသက် သေဆုံးသွားပြီး ဈေးသည် အမျိုးသားက ထိခိုက်ဒဏ်ရာ ပြင်းထန်ပြီး စိုးရိမ်ရတာကြောင့် မူဆယ်ဆေးရုံသို့ ဆေးကုသမှု ခံယူဖို့ ပို့ဆောင်ထားတယ်လို့ သူက ပြောပါတယ်။
“ဘာလို့ အဲလောက် အရှိန်ပြင်းပြီး မောင်းနေကြလဲ မသိဘူး။ ဈေးသည် အမျိုးသားက လမ်းမှန်နေတယ်။ KIA ရဲဘော်က လမ်းမှားနေတာ” လို့ နောက်ထပ် ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ဖြစ်စဉ်ဟာ ဩဂုတ် ၂ ရက် နေ့လယ် ၃ နာရီ ၂၀ မိနစ်ခန့်က နမ့်ဖတ်ကာကနေ မူဆယ်ဘက်အထွက် 3 Stars ပန့်ဆီဆိုင်နားမှာ ဖြစ်ပွားခဲ့တာလို့ သူက ပြောပါတယ်။
သေဆုံးသွားသူနဲ့ ထိခိုက်ဒဏ်ရာ ရရှိထားသူ နှစ်ဦးစလုံးဟာ နမ့်ဖတ်ကာဒေသခံ ဖြစ်ကြတယ်လို့ ဆိုပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။