ပို့လဘား၊ ဩဂုတ် ၁၁ ရက်၊ နမ့်ဖတ်ကာ
ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာက အုပ်ချုပ်ရေးမှူးတစ်ဦး ဓားနဲ့ခုတ်ခံရကြောင်း ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
ဓားနဲ့ခုတ်ခံရသူဟာ နမ့်ဖတ်ကာကျေးရွာအုပ်စု ပန်ဂျရော့ရွာက အသက် ၅၆ နှစ်အရွယ် အုပ်ချုပ်ရေးမှူး ဦးယိုင်လာဖြစ်ပြီး ၎င်းရဲ့အလောင်းကိုတော့ ဒီနေ့ ဩဂုတ် ၁၁ ရက် မနက်ပိုင်းက ၎င်းရဲ့ကြံခင်းအတွင်း တွေ့ရှိခဲ့ကြောင်း ၎င်းအမျိုးသားက ပြောပါတယ်။
“သူက သူ့ကြံခင်းမှာ သွားအိပ်တာ ၃ ရက် ၄ ရက်လောက်ရှိပြီ။ သူ့ကြံခင်းက အဲဒီနမ့်ဖတ်ကာအထွက် မူဆယ်သွားတဲ့ လမ်းဘက်မှာ ရှိနေတယ်။ ဘယ်နေ့ အသတ်ခံရလဲဝောာ့ မသိဘူး။ သူ့ပုံစံ ကြည့်ရသလောက်တော့ ၃ ရက်လောက်ရှိပြီထင်တယ် သူအသတ်ခံရတာ။ ဒီနေ့မနက်မှ သူတို့ကြံခင်းထဲမှာ သူသတ်ခံရတဲ့ ရုပ်အလောင်း တွေ့တာ။ သူအုပ်ချုပ်ရေးမှူး လုပ်လာတာ ၃ နှစ်ရှိပြီ”
ဘာကြောင့် သတ်ခံရလဲဆိုတာနဲ့ ဘယ်သူက သတ်တာလဲဆိုတာကို မသိရသေးဘဲ အလောင်းကိုတော့ နမ့်ဖတ်ကာရှိ ပရဟိတအသင်းက သွားရောက်သယ်ဆောင်ပေးခဲ့ပါတယ်။
အုပ်ချုပ်ရေးမှုး ဦးယိုင်လာ သတ်ခံရတဲ့နေရာမှာ ကိုးကန့်တပ်မတော်- MNDAA အပြင် ကချင်တပ်မတော်- KIA အဖွဲ့လည်း သွားလာလှုပ်ရှားတဲ့နေရာ ဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂ ရက်ကလည်း နမ့်ဖတ်ကာရွာက လင်မယားနှစ်ဦးဟာ ၎င်းတို့ လယ်ယာကနေ ပြန်လာတဲ့အချိန်မှာ ဓားနဲ့ခုတ်ခံခဲ့ရတဲ့ဖြစ်စဉ် ရှိခဲ့ဖူးပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။