ရွှေဖီမြေ၊ ဩဂုတ် ၁၁ ရက်၊ နေပြည်တော်
ရှမ်းအရှေ့အခြေစိုက် မိုင်းလားတပ်- NDAA နဲ့ စစ်ကောင်စီတို့ တွေ့ဆုံဆွေးနွေးပြီး ဒေသတွင်း ဖွံ့ဖြိုးရေးနဲ့ ကျန်းမာရေးကိစ္စအပြင် နယ်စပ်ကိစ္စကိုပါ ဆွေးနွေးအတည်ပြုခဲ့ကြကြောင်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လာပါတယ်။
တွေ့ဆုံဆွေးနွေးပွဲအတွင်း နိုင်ငံရေး လိုလားချက်တွေကို ညှိနှိုင်းအဖြေရှာဖို့နဲ့ နယ်စပ်တည်ငြိမ်ဖို့အတွက်ကိုပါ အလေးပေး ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မိုင်းလားအဖွဲ့ခေါင်းဆောင် အပြောင်းအလဲကိစ္စကိုပါ ပြောဆိုခဲ့ကြပါတယ်။
အရင်ကခေါင်းဆောင် ဦးစိုင်းလင်းနဲ့အတူ ငြိမ်းချမ်းခြင်း၊ စည်းလုံးခြင်းနဲ့ ဖွံ့ဖြိုးခြင်း မူဝါဒကို ဆက်လက်ကျင့်သုံးမှာဖြစ်ပြီး အပြန်အလှန် ယုံကြည်မှု တည်ဆောက်သွားမယ်လို့လည်း ဆိုပါတယ်။
ကျိုင်းတုံ-မိုင်းလား လမ်းမကြီး ပြုပြင်ရေး၊ မိုင်းယု-ကျိုင်းယန်းတံတား ပုံမှန် ပြန်လည်ဖြတ်သန်းသွားလာခွင့်ရရေး စတာတွေကိုလည်း အသေးစိတ် ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။
ဆွေးနွေးပွဲကို NDAA ဘက်က ဥက္ကဌ ဦးထိန်လင်း၊ ဒုဥက္ကဋ္ဌ ဦးစန်ပေ့နဲ့ ဦးဆန်လူ၊ အထွေထွေ အတွင်းရေးမှူး ဦးကြည်မြင့်တို့ တက်ရောက်ခဲ့ပြီး စစ်ကောင်စီဘက်က ဒုဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး မင်းနိုင်တို့ တက်ရောက်ခဲ့ပါတယ်။
စစ်ကောင်စီနဲ့ မိုင်းလားတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်ကလည်း မိုင်းလားမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက်ကလည်း တအာင်းတပ်နဲ့ စစ်ကောင်စီတို့ တွေ့ဆုံခဲ့သလို ဩဂုတ် ၃ ရက်မှာလည်း ဝတပ်- UWSA နဲ့ စစ်ကောင်စီတို့ တွေ့ဆုံခဲ့ပါတယ်။
ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှုကော်မတီ- FPNCC ရဲ့ အဖွဲ့ဝင်တွေဖြစ်တဲ့ UWSA၊ မိုင်းလားတပ်- NDAA၊ တအာင်းတပ်- TNLA၊ ရှမ်းတပ်ဖြစ်တဲ့ SSPP တို့ဟာ စစ်ကောင်စီနဲ့ တွေ့ဆုံခဲ့ကြပြီ ဖြစ်ပါတယ်။
FPNCC အဖွဲ့ဝင်ဖြစ်တဲ့ ကချင်တပ်မတော်- KIA နဲ့ အာရက္ခတပ်တော်- AA တို့ကတော့ စစ်တပ်နဲ့ တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။