ဝတ်ရည်၊ ဩဂုတ် ၁၀ ရက်၊ တန့်ဆည်
စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်ရှိ ကျေးရွာ ၅ ရွာထက်မနည်းက ဒေသခံ ထောင်နဲ့ချီဟာ ရေဘေးသင့်ပြီး အကူအညီ လိုအပ်နေကြတယ်လို့ ရေဘေးသင့်သူတွေကို ကူညီကယ်ဆယ်နေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဒေသခံနဲ့ စစ်ဘေးရှောင်တွေအပါအဝင် ရေဘေးသင့်သူ ခန့်မှန်းခြေ ၅ ထောင်ကျော်ရှိပြီး လက်ရှိ ရိက္ခာ၊ ဆိုလာနဲ့ အမိုးအကာတွေ လိုအပ်နေတာလို့ ဆိုပါတယ်။
“ရေဘေး သင့်တာက ၅ ရွာ မကဘူး။ ရုတ်တရက် ရေတက်လာတာဖြစ်လို့ စစ်ဘေးရှောင်ဒေသခံတွေလည်း အခက်အခဲဖြစ်ပြီး ရေဘေးနဲ့ ရင်ဆိုင်နေရတာ ရှိတယ်။ အဓိကတော့ သူတို့ချက်စားနိုင်ဖို့အတွက် အိုးခွက်ကအစ လိုအပ်နေပါတယ်”
ရေဘေး နောက်ဆက်တွဲအနေနဲ့ ရေဘေးသင့်ဒေသခံတချို့ဟာ အရေပြားရောဂါ စတင်ခံစားလာတာ တွေ့ရှိရတယ်လို့ ကူညီကယ်ဆယ်နေသူတစ်ဦးက ဆက်ပြောပါတယ်။
“ရေကြီးပြီးတဲ့နောက်ပိုင်းမှာ အရေပြားနဲ့ ပတ်သက်တဲ့ဟာတွေ တွေ့ရတယ်။ အခုလည်း ရေမသန့်တဲ့ ချောင်းကနေလာတဲ့ရေဖြစ်တော့ အရေပြားမှာ ပေါက်နေတဲ့ အဖုတွေ တွေ့နေရတယ်။ ဆေးဝါးနဲ့ပတ်သက်တဲ့ နောက်ဆက်တွဲ ပြဿနာပေါ့နော်”
တန့်ဆည်မြို့နယ်ထဲ ရေကြီးရေလျှံမှုကြောင့် ဒေသခံ ၁ ဦး အနည်းဆုံး ရေထဲ မျောပါသေဆုံးခဲ့ပါတယ်။
တန့်ဆည်မြို့နယ်အပြင် ခင်ဦး၊ ရေဦး၊ ရွှေဘို၊ ဒီပဲယင်းနဲ့ ဝက်လက်မြို့နယ်အပါအဝင် တခြားတိုင်းတွေမှာလည်း ရေဘေးသင့်ဒေသခံတွေအတွက် အကူအညီ လိုအပ်နေပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။