ပပ၊ ဩဂုတ် ၁၀ ရက်၊ ကလော
ရှမ်းတောင် ကလောမြို့မှာ မိုးအဆက်မပြတ် ရွာသွန်းတာကြောင့် ချောင်းရေတက်ပြီး ရပ်ကွက်တချို့မှာ ရေကြီးနေသလို ချောင်းအနီးက စပါးခင်းတွေလည်း ပျက်စီးသွားကြောင်း ချောင်းအနီးရှိ အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။
ဒီနေ့ ဩဂုတ် ၁၀ ရက် မနက်ပိုင်းမှာ ကလောမြို့အနီး တောင်လမြင်းတိပ်ချောင်းဟာ မိုးကြီးတာကြောင့် ချောင်းရေ တက်လာပြီး ကလောမြို့ ရပ်ကွက် ၄၊ ၃ ၊ စခန်းသာ၊ အင်းပြင် စတဲ့နေရာက နေအိမ်တွေထဲ ရေ ဝင်နေပါတယ်။
ရေကြီးတာကြောင့် ဒေသခံတွေ အရေးပေါ် ပြောင်းရွှေ့နေထိုင်ဖို့ လိုအပ်ကြောင်း အထက်ပါအမျိုးသမီးက ဆိုပါတယ်။
”မြန်မြန်ရွှေ့ဖို့လိုတယ်။ မိုးက အခုထိ မတိတ်သေးဘူး။ ရေကလည်း ကျဖို့မရှိသေးဘူး။ ထပ်တက်ဖို့ပဲ ရှိမယ်။ ဘေးက စပါးဧကပေါင်း မနည်းဘူး ရေတိုက်စားကုန်တာ”
လက်ရှိ သတင်းရေးသားတဲ့အချိန်ထိ ချောင်းရေတွေဟာ ကြီးသထက် ကြီးလာပြီး သွားလာလို့လည်း မရသေးကြောင်း နောက်ထပ် ကလောမြို့ခံ အမျိုးသားက ပြောဆိုပါတယ်။
”ဒီချောင်းက ရေစီး တအားသန်တယ်။ ရိုးရိုးရေကြီးတာထက် ဆိုးတယ် အန္တရာယ်များတယ်။ သွားလာတာ မလုပ်ကြဖို့လိုတယ်”
အလားတူ အောင်ပန်းနဲ့ ရွှေညောင်မှာလည်း မိုးကြီးနေတာကြောင့် ချောင်းရေ တက်ပြီး မြေနိမ့်ပိုင်းရပ်ကွက်တွေထဲ ရေဝင်နေတာကြောင့် ကုန်းမြင့်ပိုင်းသို့ ပြောင်းရွှေ့နေထိုင်ပေးကြဖို့ ဒေသတွင်း ပရဟိတတွေက တိုက်တွန်းထားကြောင်း ဒေသခံတွေက ပြောပါတယ်။
ရှမ်းတောင်အပြင် ရှမ်းမြောက်နဲ့ မန္တလေးတိုင်း မိုးကုတ်မှာလည်း မိုးဆက်တိုက် ရွာနေတဲ့အတွက် မြေပြိုတာကြောင့် နေအိမ်ပျက်စီးတာနဲ့ လမ်းပြိုတာတွေ ဖြစ်ပွားနေပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။