ပပ၊ ဇူလိုင် ၃၀ ရက်၊ ပြင်ဦးလွင်
မန္တလေးတိုင်း ပြင်ဦးလွင်မြို့မှာ အမျိုးသမီးငယ်တစ်ဦး ရေအိုင်ထဲ ပြုတ်ကျသေဆုံးသွားခဲ့ကြောင်း ဖြစ်စဉ်ကိုသိရတဲ့ အမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
မနေ့ ဇူလိုင် ၂၉ ရက် နေ့လယ် ၃ နာရီခွဲမှာ ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး ၁၇ အနီးစခန်းအနီး ဓါတ်တော်ချိုင့် ရေတံခွန်မှာ အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ခြေချော်ပြီး ရေထဲပြုတ်ကျသွားခဲ့တာ ဖြစ်ပါတယ်။
ဖြစ်စဉ်သိရတဲ့ အမျိုးသားက “မနေ့က လပြည့်နေ့ဆိုတော့ အဲမှာ လာအပန်းဖြေကြတဲ့သူတွေများတယ်။ သူကရေသွားဆော့မလို့လား၊ ရေတံခွန်နဲ့ ဓါတ်ပုံရိုက်မလို့လား မပြောတတ်ဘူး။ အဲတာကို ချော်လဲပြီး အိုင်ဝိုင်းထဲကျသွားတာ” လို့ ပြောပါတယ်။

၎င်းအမျိုးသမီးဟာ မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ်မှ ပြင်ဦးလွင်မြို့သို့ လာရောက်အပန်းဖြေကြတာဖြစ်ကြောင်း အထက်ပါအမျိုးသားက ပြောပါတယ်။
ဓါတ်တော်ချိုင့် ရေတံခွန်ဟာ ပြင်ဦးလွင်၊ နောင်ချိုနဲ့ မန္တလေးရှိ လူထုတွေက လာရောက်အနားယူအပန်းဖြေကြတဲ့နေရာဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
နောက်ထပ်အမျိုးသားက “အဲရေက လူစားတယ်လို့ ပြောရမယ်။ နှစ်တိုင်းဘဲ လူသေတာ။ ပြီးရင် သေရင်လည်း လူငယ်တွေဘဲ များတယ်” လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ် ဧပြီလကလည်း ၎င်းရေတံခွန်မှာ အသက် ၁၂ နှစ်အရွယ် နောင်ချိုမှ ကလေးတစ်ဦး ရေနစ်သေဆုံးခဲ့ဖူးပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။