ရွှေဖီမြေ၊ ဇူလိုင် ၃၀ ရက်
တချိန်က ရှမ်းပြည်မှာ နာမည်ကြီးပြီးလူသောက်များကြတဲ့ Yunyan, Hongtashan, Hongheနဲ့ Jinniu Huoju နာမည်ရှိ စီးကရက်တွေကို “ဝ” ပြည်တရားစီရင်ရေးကော်မတီ – WSP က ဖမ်းဆီးပြီး တရုတ်ထံ အပ်နှံခဲ့တယ်လို့ ၎င်းတို့ရဲ့ ဒီမနက် (ဇူလိုင် ၃၀ ရက်) ထုတ်ပြန်ချက်အရ သိရပါတယ်။
ထုတ်ပြန်ချက်ထဲမှာ အဲဒီစီးကရက်တွေဟာ တရုတ်နိုင်ငံရဲ့ အမှတ်တံဆိပ်ကို ကူးယူထုတ်လုပ်တဲ့ စီးကရက်တွေဖြစ်တာကြောင့် အဲဒီစီးကရက်တွေကို ထုတ်လုပ်တဲ့ စက်ပစ္စည်းတွေကိုပါ သိမ်းဆည်းကာ တရုတ်နိုင်ငံထံ အပ်နှံခဲ့တယ်လို့ ဖော်ပြပါတယ်။

ဒါပေမဲ့ လွန်ခဲ့တဲ့ ၂၀၂၁ မတိုင်ခင်ကတည်းက “ဝ” ဒေသမှာ Yunyan, Hongtashan နဲ့ Honghe ဆေးလိပ်တွေကို တရားဝင်ထုတ်လုပ်ခွင့်ပေးခဲ့ပြီး အဲဒီဆေးလိပ်ထုတ်လုပ်တဲ့ စက်ရုံတွေကြောင့် ရှမ်းမြောက်ဒေသခံတွေနဲ့ အောက်ပြည်က အလုပ်သမားအများစုဟာ “ဝ” ဒေသမှာ အလုပ်အကိုင်အခွင့်အလမ်း အများအပြားရစေခဲ့ပါတယ်။
၂၀၂၁ ကိုဗစ်ကာလနောက်ပိုင်းမှာတော့ အဲဒီစီးကရက်တွေဟာ ဈေးကွက်ထဲ တဖြည်းဖြည်းပျောက်ကွယ်လာပြီး ၂၀၂၃ ခုနှစ် ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း တရုတ်ရဲ့ ကျားဖျန့်နှိမ်နှင်းမှုကြောင့် အဲဒီဆေးလိပ်စက်ရုံအများစုက ပိတ်သိမ်းခဲ့ကြရကာ Yunyan, Hongtashan နဲ့ Honghe ဆေးလိပ်တွေဟာ ဈေးကွက်ထဲ ပျောက်ကွယ်လုနီးပါးဖြစ်လာပါတယ်။

ဒီဖမ်းဆီးလွှဲပြောင်းမှုအပြီး “ဝ” ပြည်တရားရေးကော်မတီဟာ တရုတ်နိုင်ငံဥပဒေစိုးမိုးရေးတွေနဲ့အတူ ရည်မှန်းချက်တူညီစွာ တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေ ဆက်လက်ပူးပေါင်းအားထုတ်ပြီး ညှိနှိုင်းစစ်ဆင်ရေးတွေကို ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။