မြတ်နိုး၊ ဇူလိုင် ၂၃
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့က ကြူကုတ် (ပန်ဆိုင်း) လဝကရုံးမှာ ဒေသတွင်း အိမ်ထောင်စု ခွဲထွက်တာကို တရုတ် ယွမ် ၁၀၀၀ ထိ ပေးဆောင်နေရတဲ့ အပြင် ကလေးမွေးတိုး ထည့်သွင်းရာမှာလည်း ငွေသိန်းချီ ပေးဆောင်နေရကြောင်း ပေးဆောင်ခဲ့ရတဲ့ ဒေသခံတွေဆီက သိရပါတယ်။
“အရင်နေ့က ရွာဘက်က အသိ လင်မယား အိမ်ထောင်စု ခွဲထွက်တာ တရုတ်ငွေ ၁၀၀၀ (မြန်မာငွေ ၆၅၇,၀၀၀) ပေးရတယ်။ သူတို့ ပေါ်တင်ကို တောင်းတာ။” လို့ ဒေသခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။
အဲဒီ အိမ်ထောင်စုခွဲထွက်ဖို့လုပ်ခဲ့တဲ့ သူမဟာ ကြူကုတ် (ပန်ဆိုင်း) မြို့နယ်ထဲက ရွာဖြစ်ပြီး တခြားဒေသကို ခွဲထွက်ပြီး လုပ်ဆောင်တာမျိုးလည်း မဟုတ်ဘူးလို့ သူက ပြောပါတယ်။
“ကလေး မွေးတိုးလုပ်တာ နှစ်သိန်း တောင်းတယ်။ ကလေးတွေက ငယ်ငယ်လေး ရှိသေးတယ်။ နို့စို့ကလေးနဲ့ မူကြိုတောင် မတက်သေးတဲ့ အရွယ်ပါ။ ရက် ၁၀၀ စီမံကိန်း အတွင်း လုပ်တာပဲလေ” လို့ နောက်ထပ် ဒေသခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။
မှတ်ပုံတင်လဲလှယ်တာတွေ၊ ပျောက်ဆုံးတာတွေအတွက် ပြန်လျှောက်တာမှာလည်း ထောက်ခံစာ တစ်စောင်ကို ကျပ်ငွေ သုံးသောင်းထက် မနည်း ကောက်ခံက ဝန်ဆောင်ခ သီးသန့် ပေးဆောင်ရတာမျိုးလည်း ရှိတာကြောင့် ငွေကြေး မပေးနိုင်သူတွေ အနေနဲ့ ပိုပြီး ကြန့်ကြာမှုတွေ ရှိတယ်လို့ ဒေသခံ တွေက ပြောပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။