ပပ၊ ဇူလိုင် ၁၃ ရက်
မန္တလေးတိုင်း ကျောက်ဆည်ခရိုင် ကူမဲမြို့က အမျိုးသမီးတစ်ဦးကို တရုတ်ပြည်ရှ်ိ သူငယ်ချင်းဖြစ်သူမှ တရုတ်မယားအဖြစ် လိမ်လည်ခေါ်ဆောင်ခဲ့ပြီး ခိုးပေါက်ကနေ ဝင်တာကြောင့် လက်ရှိမှာတော့ မန်စီမြို့မှာ အဖမ်းခံထားရကြောင်း သူနဲ့နီးစပ်သူ အမျိုးသားရဲ့ ပြောပြချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်မှာ ၎င်းအသက် ၂၁ နှစ်အရွယ် မအိသိင်္ဂီစိုးဟာ အလုပ်သွားလုပ်မယ်ဆိုပြီး ထွက်သွားချိန် မိသားစုတွေနဲ့ အဆက်အသွယ် ပြတ်တောက်သွားခဲ့တာ ဖြစ်ပါတယ်။
ဖြစ်စဉ်သိရသူ အမျိုးသားက “ထပ်ဆင့်ထပ်ဆင့် စုံစမ်းမေးမြန်းကြည့်တော့ သူ့က မန်စီမှာ ဖမ်းခံထားရတာ။ ခိုးပေါက်က ဝင်လို့ဖြစ်တယ်တဲ့” လို့ ပြောပါတယ်။
၎င်းအမျိုးသမီးဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်မှာ ကူမဲနေအိမ်မှ မန္တလေးမြို့သို့ အလုပ်သွားလုပ်မယ်ဆိုပြီး ထွက်လာရာကနေ အခုလို ပျောက်ဆုံးသွားတာ ဖြစ်ပါတယ်။
ဖြစ်စဉ်ကိုသိရသူ မူဆယ်မြို့ရှိ အမျိုးသားက “သူကိုယ်တိုင်ပြောပြတာက မန္တလေးကနေ တရုတ်ပြည်အထိ လမ်းစရိတ်အကုန်ကျခံခေါ်လာတဲ့ ပွဲစားနဲ့လာတာ။ အရောင်းတော့မခံရသေးဘူး။ လမ်းမှာ အဖမ်းခံထိထားတာ။ လောလောဆယ် သူအကူအညီ လိုနေတယ်” လို့ ပြောပါတယ်။
အလားတူ နယ်စပ်မြို့ဖြစ်တဲ့ မူဆယ်နဲ့ တရုတ်ပြည် ရွှေလီ၊ မန်စီ စတဲ့ နေရာတွေမှာ အလုပ်အကိုင်ရှားပါးမှုကြောင့် ရှမ်းမြောက်က အမျိုးသမီးတွေအပါအဝင် ပြည်မက အမျိုးသမီးတွေလည်း မကြာခဏ လူကုန်ကူးခံနေကြရတာကို တွေ့နေရပါတယ်။
ဒါ့အပြင် ရှမ်းမြောက်က အမျိုးသမီးနဲ့ ကလေးငယ်တွေလည်း မကြာခဏ ပျောက်ဆုံးနေကြောင်း မိသားစုဆွေမျိုးတွေ ရေးသားဖော်ပြအကူအညီတောင်းတဲ့စာကို လူမှုကွန်ယက်မှာ တွေ့နေရသလို ရွှေဖီမြေကိုလည်း အကူအညီတောင်းတာတွေလည်း ရှိနေပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။