ရွှေဖီမြေ၊ ဇူလိုင် ၉ ရက်၊ လားရှိုး
ရှမ်းမြောက် လားရှိုးမြို့နယ် ဟူးမွန်ကျေးရွာအုပ်စုမှာ အုပ်ချုပ်ရေးမှူးအသစ် ဆန္ဒမဲနဲ့ ရွေးချယ်မှုပြုလုပ်ခဲ့ပြီး ဒေသခံတွေရွေးချယ်တင်မြှောက်ခဲ့တဲ့ အုပ်ချုပ်ရေးမှူးအသစ်ကို ကိုးကန့်တပ် – MNDAA နဲ့ ပက်သက်မှုရှိလို့ဆိုပြီး အုပ်ချုပ်ရေးမှူးဟောင်းက နေရာမဖယ်ပေးဘူးလို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဟူးမွန်ကျေးရွာအုပ်စုထဲမှာ ကျေးရွာစုစုပေါင်း ၉ ရွာအထိရှိပြီး ကျေးရွာအများစုက ရှမ်းကျေးရွာတွေဖြစ်ကြကာ ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်မှာ အုပ်ချုပ်ရေးမှူးအသစ်အဖြစ် ရွေးချယ်ခံရသူက ဦးစိုင်းမောင်ငယ် ဖြစ်တယ်လို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“အုပ်ချုပ်ရေးမှူးဟောင်းက ကိုးကန့်လူမျိုး။ သူက အရင်ကတည်းက အုပ်ချုပ်ရေးမှူးလုပ်လာတာ။ ဌာနဆိုင်ရာတွေကို ပိုက်ဆံနဲ့ဝင်လုံးနေတာ။ ရွေးချယ်ခံရတဲ့သူကို နေရာမဖယ်ပေးဘဲ ကျန်တဲ့ရွာက ဥက္ကဌ၊ ဆယ်အိမ်မှူးတွေခေါ်ပြီး သူ့ကိုထောက်ခံကြောင်းလက်မှတ်ထိုးခိုင်းတာ”
အုပ်ချုပ်ရေးမှူးအသစ်တက်လာမယ့်သူကို လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပက်သင်မှု (၅၀၅ က) နဲ့ ညှိစွန်းတယ်ဆိုတဲ့ အုပ်ချုပ်ရေးမှူးဟောင်းရဲ့ စွတ်စွဲချက်ကို သက်သေမရှိတဲ့ စွတ်စွဲချက်သာဖြစ်တယ်လို့ ဦးလွင်(အမည်လွှဲ) က ဆိုပါတယ်။
လားရှိုးမြို့နယ် ပြီးခဲ့တဲ့ ဇွန်လ တတိယပတ်မှာ စစ်ကောင်စီတပ်က ရပ်ကွက်နဲ့ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။