ရွှေဖီမြေ၊ ဇူလိုင်လ ၉ ရက်
တရုတ်ပြည်ဘက်ရှိ လောင်းကျန်းရေကာတာကို တရုတ်ဘက်က ရေဖွင့်ချမှုကြောင့် နမ့်ခမ်းမြို့ ရွှေလီမြစ်ကမ်းအနားမှာ နေထိုင်တဲ့ ဒေသခံတွေ အရေးပေါ် ကြိုတင်ရှောင်ပေးဖို့ တအာင်းတပ် TNLA ဘက်က သတိပေးပြောဆိုထားပါတယ်။
TNLAနဲ့ နီးစပ်သူတစ်ဦးက ” သက်ဆိုင်ရာဘက်က မြစ်အနီးမှာရှိတဲ့ ရပ်ရွာအုပ်ချုပ်ရေးအဖွဲ့တွေကိုတော့ သတိပေးပြီးပါပြီ။ မနက်က ရေမတက်လာသေးဘူး။ ဒီနေ့ နေ့လယ်လောက်မှ မြစ်ရေစတက်လာပြီ။ ရေက ချက်ချင်းကြီးမတက်လာဘူး။ တဖြည်းဖြည်းနဲ့ ရေတက်လာတာ တွေ့ရတယ်။ တချို့ကလည်း ရှောင်ကြတယ် တချို့လည်း မရှောင်ဘူး”လို့ ပြောပါတယ်။
ရေစီးနှုန်း (၅၀၀ – ၁၂၀၀) ပမာဏရှိတဲ့ ရေကာတာကို တရုတ်ဘက်က မနေ့ ဇူလိုင်လ ည ၆ နာရီခွဲမှာ ရေဖွင့်ချခဲ့တာ ဖြစ်ပါတယ်။
တရုတ်ဘက် ဖွင့်ချခဲ့တဲ့ ရေကာတာရဲ့ ရေဟာ နမ့်ခမ်းမြို့ ရွှေလီမြစ်ဘက် ရောက်ရှိလာနိုင်တဲ့ အခြေအနေရှိတယ်လို့ တရုတ်ဘက်က ထုတ်ပြန်ထားတဲ့ စာထဲမှာ ဖော်ပြထားပါတယ်။
နမ့်ခမ်းမြို့ ရွှေလီမြစ်ကမ်းအနားမှာ နေထိုင်တဲ့ ဒေသခံတွေအနေနဲ့လည်း ၎င်းတို့ရဲ့ အဖိုးတန်ပစ္စည်းနဲ့ အိမ်မွေးတိရစ္ဆာန်တွေကို ဘေးလွတ်ရာနေရာ ကြိုတင်ရွှေ့ပြောင်းပေးဖို့ကိုလည်း တရုတ်ဘက်က တိုက်တွန်းနှိုးဆော်အပ်ပါတယ်။
ဒါ့အပြင် တအာင်းသဘာဝပတ်ဝန်းကျင် စောင့်ကြည့်ရေးအဖွဲ့ – TEWG ဘက်ကလည်း တရုတ် – မြန်မာနယ်စပ်နဲ့ မနီးမဝေးမှာရှိတဲ့ Longchuan Jiang မြစ်ဟာ အရှေ့ဘက်ကနေ အနောက်ဘက်ကို စီးဆင်းပြီးတော့ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ရွှေလီမြစ်ရဲ့ မြစ်လက်တက်ဖြစ်ပြီး အဲဒီမြစ်တလျှောက်မှာ ရေကာတာပုံစံနဲ့ အများအပြားတွေ့ရှိရတာကြောင့် ရွှေလီမြစ်ကမ်းအနီးနဲ့ နမ့်ခမ်းမြို့က ဒေသခံတွေဟာ ရေကြီးရေလျှံမှုကို အမြဲသတိပြုစောင့်ကြည့်လေ့လာပေးဖို့ အသိပေးပြောဆိုထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။