ရွှေဖီမြေ၊ ဇွန်လ ၂၃ ရက်၊ လားရှိုး
စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်တဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ မှတ်ပုံတင် လာရောက်ပြုလုပ်တဲ့ ဒေသခံတွေဟာ ငွေသိန်းဆယ်ချီအထိ ပေးဆောင်နေရတယ်လို့ လားရှိုးဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မှတ်ပုံတင် လာရောက်လုပ်ကိုင်သူတွေထဲမှာ လူမျိုးခြားတွေလည်း ပါဝင်ပြီး ၎င်းတို့ကို ၁၀ သိန်းကနေ သိန်းရာချီအထိ ပေးဆောင်ရတာလည်းရှိကြောင်း ဆိုပါတယ်။
လားရှိုးဒေသခံတစ်ဦးက “လူမျိုးခြားဆို (ကုလားတို့လိုမျိုး) ၁၅ သိန်း၊ သိန်း ၂၀ တိုင်းရင်းသားတွေတော့ ၁၀ သိန်းဝန်းကျင်။ တရုတ်တွေက သိန်းရာချီပေးရတာ။ အခုက တရုတ်တွေဘဲ အများဆုံး လုပ်ပေးနေတာ။ တရုတ်တွေက သူတို့ တောင်းသလောက် ပေးနိုင်တယ်လေ” လို့ ပြောပါတယ်။
မှတ်ပုံတင် ပြုလုပ်ဖို့အတွက် ပေးဆောင်ရတဲ့ ငွေတွေကို လဝကနဲ့ ပွဲစားတွေက ပူးပေါင်းပြီး ဆောင်ရွက်နေတာဖြစ်တယ်လို့ အထက်ပါ ဒေသခံက ပြောပါတယ်။
“အခု လက်တွေ့ကတော့ ရုံးထဲဝင်ဖို့တောင် တုံကင်ယူရတာ။ မှတ်ပုံတင်ရုံးထဲကို တိုက်ရိုက် ပေးမဝင်ဘူး။ ပွဲစားနဲ့ စာရေးမတို့နဲ့မှ ဝင်ရတာ။ ပိုက်ဆံပေးပြီးမှ သူတို့နဲ့ကနေတဆင့် ဝင်လို့ရတာ။ အဲပွဲစားတွေလည်း သူတို့ခန့်ထားတဲ့ ပွဲစားတွေဘဲ။ မှတ်ပုံတင်ရုံးကနေ ထွက်သွားတဲ့ ဝန်ထမ်းဟောင်းတွေ သူတို့ဆွေမျိုးအတိုင်းဝိုင်းထဲက လူတွေ၊ စာရေးမရဲ့ ညီမတို့တွေဘဲ။ အပြင်က ပွဲစားမရှိဘူး။ သူတို့ထဲလူ အတူတူတွေဘဲ” လို့ ပြောပါတယ်။
လဝကရုံးရဲ့ စီမံခန့်ခွဲမှု အားနည်းတာကြောင့် တခြားမြို့နယ်က မှတ်ပုံတင် လာလုပ်ကြတဲ့ ဒေသခံအများစုက အခက်အခဲ ရင်ဆိုင်နေရတယ်လို့ နောက်ထပ် ဒေသခံတစ်ဦးက ပြောပါတယ်။
“သူတို့ပြောတာကြတော့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အလကားလုပ်ပေးမယ်လို့သာ ပြောနေတာ။ ဘာမှ အလကားမဟုတ်ဘူး။ ကျနော်တို့က တခြားမြို့ကနေ လာလုပ်တာဆိုတော့ သူတို့ဘက်က ရုံးဖွင့်ချိန်မဖွင့်ဘူး။ လူတွေ လာစောင့်နေရတာ။ ၉ ခွဲလောက်မှ ရုံးဖွင့်တာ။ ၁၁ ဆို ပိတ်ပြီ။ အဝေးကလာတဲ့လူတွေကျတော့ အဆင်မပြေဘူး။ လုပ်ခလည်း ပေးရ။ စားစရိတ်လည်း ကုန်တယ်။ အဆင်ပြေတဲ့လူတွေအတွက် အဆင်ပြေပေမယ့် မရှိတဲ့သူတွေက ဒုက္ခရောက်ကြတာ။ သူများတွေလို ပိုက်ဆံ ဆယ်ချီမရှိဘူး” လို့ ပြောပါတယ်။
အလာတူး ကျောက်မဲမြို့နယ်ဘက်မှာလည်း အခုလို မှတ်ပုံတင်လာရောက်ပြုလုပ်တဲ့ ဒေသခံတွေဟာ ငွေ သိန်းချီပေးဆောင်ရတာမျိုးတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။