ရွှေဖီမြေ၊ ဇွန်လ ၁ ရက်၊ နမ့်ခမ်း
တအာင်းတပ် TNLA ထိန်းချုပ်တဲ့ ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုအတွင်းမှာ ဒဏ်ရာရတဲ့ လူနာတွေနဲ့ ကူညီပေးနေသူတွေကို အစ္စလာမ် စေတနာမွန်လူငယ်အသင်းက အစားအသောက်တွေ ချက်ပြုတ်လှူဒါန်းပေးခဲ့တယ်လို့ ကယ်ဆယ်ရေးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ မေလ ၃၁ ရက်မှာ အရေးပေါ်လူနာ၊ လူနာစောင့်၊ ကူညီကယ်ဆယ်ပေးနေတဲ့ ပရဟိတအသင်းနဲ့ သွေးအလှူရှင်တွေကို တာဝန်ကျ၀န်ထမ်းတွေကို ထမင်း၊ ဟင်းတွေ သွားရောက်ကူညီလှူဒါန်းပေးခဲ့တာလို့ ဆိုပါတယ်။
ကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက “မနေ့ညက ထမင်းဗူးတွေ စားခဲ့ရပါတယ်။ တချို့ကျ ပေါက်ကွဲမှုဖြစ်ကတည်း ဘာမှ မစားရသေးတာဆိုတော့ ဗိုက်အတော်ဆာကြတယ်။ အခုလို လာရောက်လှူဒါန်းပေးခဲ့လို့ ကျေးဇူးအများကြီးတင်ပါတယ်” ဆိုပြီး ပြောပါတယ်။
ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၅၅ ဦးနဲ့ ဒဏ်ရာရရှိသူ ၇၀ ကျော်ရှိနေပြီး သေဆုံးသူ ထပ်တိုးလာနိုင်တယ်လို့လည်း ကယ်ဆယ်ရေးလုပ်ဆောင်နေသူတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ အရေးပေါ်အတွက် သွေးတွေ လိုအပ်နေပြီး လှူဒါန်းလိုသူတွေအနေနဲ့ နမ့်ခမ်းမြို့ပြည့်သူဆေးရုံမှာ လာရောက်လှူဒါန်းပေးဖို့ ကယ်ဆယ်ရေး လုပ်ပေးနေသူတွေက တိုက်တွန်းထားပါတယ်။
လက်ရှိမှာ လိုအပ်နေတဲ့ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။