ရွှေဖီမြေ၊ ဇန်နဝါရီ ၂၇ ရက်၊ ကျောက်မဲ
ဒီနေ့ ဇန်နဝါရီ ၂၇ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်က ကျောက်မဲမြို့ထဲ လေကြောင်းကနေ ဗုံး ထပ်ကြဲလို့ အမျိုးသားတစ်ဦး သေဆုံးပြီး အမျိုးသမီး ၂ ဦး ဒဏ်ရာ အပြင်းအထန် ရခဲ့ပါတယ်။
ကြဲချခဲ့တဲ့ဗုံးဟာ ကျောက်မဲမြို့ ရပ်ကွက်(၂) ကံ့ကော်လမ်းထဲ ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး အဲဒီလမ်းထဲက နေအိမ် ၅ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။
“၂ နာရီ ၁၅ မိနစ်မှာ ကြဲသွားတာ။ တစ်လုံးထဲပဲ။ သေသွားတဲ့ အမျိုးသားကတော့ ခေါင်း ပြတ်ထွက်သွားတယ်။ အခုထိ သူ့ခေါင်းကို ရှာမတွေ့သေးဘူး။ အမျိုးသမီးကတော့ လက်မောင်း ထိသွားတယ်။ ဒဏ်ရာ ပြင်းထန်တယ်”
သေဆုံးသူ အမျိုးသားဟာ ဦးမျိုးမြင့်ထွေး (၄၀ နှစ်)ကျော်ဖြစ်ပြီး ဒဏ်ရာရသူဟာ ဒေါ်နှင်းဆီ (၄၀ နှစ်ကျော်)နဲ့ မသန်းသန်းထွေး (၁၈ နှစ်)တို့ပဲ ဖြစ်ပါတယ်။
စစ်တပ်ဟာ ကျောက်မဲမြို့ကို ဆက်တိုက်ဗုံးကြဲနေတာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၅ ရက်ကလည်း ကျောက်မဲမြို့ ပြည်သူ့ဆေးရုံကို ဗုံးကြဲချလို့ CDM ဆရာမတစ်ဦးအပါအဝင် ၃ ဦး သေဆုံးပြီး ၂၀ ဦးထက်မနည်း ဒဏ်ရာအပြင်းအထန် ရခဲ့ပါတယ်။