ရွှေဖီမြေ၊ ဧပြီ ၃၀ ရက်
ကိုးကန့်တပ် – MNDAA က ၁၀၂၇ စစ်ဆင်ရေးအတွင်း ဖမ်းဆီးထိန်းသိမ်းထားတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်သုံ့ပန်း ၆၈ ဦးထပ်မံလွှတ်ပေးခဲ့တယ်လို့ စစ်တပ်မိသားစုဝင်တွေက လူမှုကွန်ရက်တွေမှာ ပြောဆိုနေကြပါတယ်။
စစ်သုံ့ပန်းတွေကို ပြန်လွှတ်ပေးခဲ့တဲ့အကြောင်း ပြီးခဲ့တဲ့ ၂၈ ရက်မှာ ပြောဆိုကြတာဖြစ်ပြီး ပြန်လွှတ်မြောက်လာတဲ့ စစ်သုံ့ပန်းတွေဟာ လောက်ကိုင်တိုက်ပွဲမှာ ဖမ်းဆီးခံရတဲ့သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
တပ်မိသားစုဝင်တစ်ဦးက ” ပထမကြားထားတာတော့ မုံးကိုးပါတယ်။ သတင်းအတိအကျပြောတာကြတော့ မုံးကိုးက မပါဘူးဖြစ်နေတယ်။ လောက်ကိုင်ပါတယ်။ အကုန်လွှတ်လာတဲ့လူက ၆၈ ယောက်” လို့ ပြောပါတယ်။
ဒါ့အပြင် MNDAA ဖမ်းဆီးရမိတဲ့စစ်သုံ့ပန်း အကုန်လုံးကို လာမယ့် ၅ လပိုင်း (မေလ) အတွင်းမှာ ပြန်လွှတ်ပေးတော့မှာ ဖြစ်တဲ့အတွက် စိတ်မပူကြဖို့ သူမက တိုက်တွန်းထားတာကို တွေ့ရပါတယ်။
ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ကိုးကန့်တပ်ဘက်က တစ်စုံတစ်ရာထုတ်ပြန်တာမျိုးတော့ မရှိသေးပါဘူး။
MNDAA က တအာင်းတပ် – TNLA ထိန်းချုပ်တဲ့ ကွတ်ခိုင်ကို တိုက်ခိုက်ခဲ့တဲ့အချိန်အတောအတွင်း မတ်လ ၁၉ ရက်မှာလည်း စစ်ကောင်စီတပ်ရဲ့ စစ်သုံ့ပန်း ၁၀၀ ကျော်ပြန်လွှတ်ခဲ့ဖူးပါတယ်။
ရွှေဖီမြေ စုဆောင်းထားတဲ့အချက်အလက်တွေအရ MNDAA ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာလကစပြီး ၂၀၂၆ ခုနှစ် ဧပြီလအထိ စစ်ကောင်စီစစ်သုံ့ပန်း ၁၁၉၃ ဦးထက်မနည်း ပြန်လွှတ်ပေးခဲ့ပြီဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။