ရွှေဖီမြေ၊ ဧပြီ ၂၆ ရက်၊ ကျောက်မဲ
စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့မှာ ညအချိန် မီးကြိုးတွေ ခိုးဖြတ်ခံနေရတာကြောင့် သူခိုးတွေကို သက်ဆိုင်ရာက ဖမ်းဆီးပေးဖို့ ဒေသခံတွေက လိုလားကြောင်း ကျောက်မဲမြို့ခံ အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။
မနေ့ ဧပြီ ၂၅ ရက် ညသန်းခေါင်မှာ ကျောက်မဲမြို့ ၃ ကွက် မန့်နားနဲ့ ငြိမ်းချမ်းရေးကုန်းအပြင် ရဲစခန်းအနီးရှိ နေအိမ်တွေမှာ မီးကြိုးတွေ ညှပ်ဖြတ်ပြီး ခိုးယူခံခဲ့ရတာ ဖြစ်ပါတယ်။
ဒေသခံ အမျိုးသမီးက “ညညဆို ခွေးအမြဲဟောင်တယ်။ ထကြည့်တော့ ယောက်ကျားလေး ၃၊ ၄ ယောက်တွေ့ရတယ်။ မနက်မှ ကြည့်တော့ မီးကြိုးတွေက မရှိတော့ဘူး။ ဘယ်လောက်ဆိုးလည်း ဆိုရင် အဝတ်လှန်းဖို့ တန်းထားတဲ့ သံကြိုးတွေတောင် ဖြုတ်ရောင်းကြတာ” လို့ ပြောပါတယ်။
သူခိုးတွေဟာ မီးကြိုးတွေအပြင် မီးစက်နဲ့ အိမ်ပြင်မှာ တပ်ထားတဲ့ မီးသီး၊ မီးလုံးတွေကိုပါ ဖြုတ်ရောင်းကြတာဖြစ်ပြီး အပေါင်ဆိုင်နဲ့ ၎င်းပစ္စည်းတွေကို လက်ခံဝယ်ယူပေးနေတဲ့ ဆိုင်တွေကိုလည်း တာဝန်ရှိသူတွေကို ဖမ်းဆီး အရေးယူစေချင်ကြောင်း နောက်ထပ် မြို့ခံအမျိုးသားက ဆိုပါတယ်။
“အဲလို လူသုံးပစ္စည်းတွေကို ဈေးသက်သက်သာသာနဲ့ ဝယ်ပေးနေတဲ့ ဆိုင်တွေကို ဖမ်းမှဘဲ သူခိုးတွေက ရောင်းစရာနေရာမရှိမှာ။ အခုသူတို့က ရောင်းတဲ့နေရာတွေရှိနေလို့ ခနခနခိုးခံနေရတာ” လို့ ဆိုပါတယ်။
အလားတူဖြစ်စဉ်မျိုး ကျောက်မဲမြို့မှာ မကြာခဏဖြစ်ပွားတာရှိသလို မူးယစ်ဆေးဝါးနဲ့ လောင်းကစားမျိုးစုံ ပေါများတဲ့ စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ လားရှိုးနဲ့ မူဆယ်မြို့မှာလည်း ခပ်စိပ်စိပ်ဖြစ်ပွားနေပြီး သက်ဆိုင်ရာက ဖမ်းဆီးအရေးယူနိုင်တာမရှိတဲ့အပြင် ဒေသခံတွေ ကိုယ်ထူကိုယ်ထ ဖမ်းမိတဲ့ သူခိုးတွေကိုလည်း ပြန်လွှတ်ပေးတာတွေရှိကြောင်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။