မိုင်းရူပ၊ ဧပြီ ၂၃ ရက်၊ လားရှိုး
စစ်ကောင်စီတပ်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ ကားဝယ်မယ်လို့ဆိုကာ ကားပွဲစားကို သတ်ပြီး ကားလုယူမှုဖြစ်ပွားခဲ့တယ်လို့ လားရှိုးမြို့ခံတွေက ရွှေဖီမြေကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်မှာ အသက် ၃၈ နှစ်အရွယ် လားရှိုးမြို့ခံ ကားပွဲစား ဦးဆန်းအောင်ဆိုသူကို အမျိုးသား ၂ ဦးက ကားဝယ်မယ်လို့ဆိုကာ လားရှိုးမြို့ ရပ်ကွက် (၅) ရှိ ရေကန်တောင်ဘက်ကို ကားအစမ်းမောင်းကြည့်ဖို့ ခေါ်သွားပြီး သတ်ဖြတ်ကာ ကားယူပြီး ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။
“ရေကန်တောင်မှာ အတက်အဆင်းများတယ်။ အဲဒီဘက်မှာ စမ်းမောင်းမယ်ဆိုပြီး မောင်းသွားတာ။ ကားရောင်းမယ့်သူလည်း လိုက်သွားတာ။ ရေကန်တောင်ဘက်ရောက်တော့ လူသတ်ပြီး ကားယူသွားတာ။ သတ်ခံရတာက ကချင်လူမျိုးလို့ သိရတယ်” လို့ ဖြစ်စဉ်သိရှိသူ လားရှိုးမြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
လူသတ်တရားခံ နှစ်ဦးကို စစ်ကောင်စီဘက်က လိုက်လံဖမ်းဆီးနေပေမယ့် ဒီနေ့ ဧပြီ ၂၃ ရက်အထိ ဖမ်းဆီးရမိတာ မရှိသေးဘူးလို့ ၎င်းက ဆက်ပြောပါတယ်။
လားရှိုးမြို့ကို စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ပြီးနောက် ဓားပြတိုက်မှုတွေ အပြင် လူသတ်မှုတွေ၊ ခိုးမှုတွေ မကြာခဏ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်က လက်ရှိအချိန်အထိ အရေးယူနိုင်တာ မရှိဘူးလို့ မြို့ခံတွေက ဆိုကြပါတယ်။
ဒါ့အပြင် လားရှိုးမြို့ရှိ လူထုတွေရဲ့ ကားတွေ မကြာခဏ ခိုးယူခံနေရပြီး စစ်ကောင်စီတပ်ဘက်က ဖမ်းဆီးရမိတာ မရှိဘူးလို့ မြို့ခံတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်မှာလည်း လားရှိုးမြို့ ရပ်ကွက် (၅) ရှိ ကုန်စုံဆိုင်တစ်ခုမှာ အရပ်ဝတ်နဲ့ အမျိုးသား ၃ ဦးက ဆိုင်ထဲဝင်လာပြီး ဆိုင်ထဲက အသက် ၂၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးကို သေနတ်ထောက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားကာ ငွေသိန်းတစ်ထောင်နဲ့ ပြန်ရွေးခိုင်းခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။