ရွှေဖီမြေ၊ ဧပြီ ၅ ရက်၊ နောင်ချို
ရှမ်းမြောက် နောင်ချိုမြို့နယ်ထဲက ကြံခြံတွေမှာ မြေမြှုပ်မိုင်း ရှိနေသေးတာကြောင့် ခြံပိုင်ရှင်အများစုက ကြံတွေကို မခုတ်ရဲကြဘဲ ပစ်ထားရတယ်လို့ ဒေသခံ အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။
နောင်ချိုမြို့နယ် တောင်ရှည်အုပ်စုက ရွာတွေအပြင် နောင်တောနဲ့ တောင်းခမ်း စတဲ့ကျေးရွာတွေမှာ တိုက်ပွဲကြောင့် စစ်လက်နက်အကြွင်းအကျန်ဖြစ်တဲ့ လက်နက်ကြီးနဲ့ မြေမြှုပ်မိုင်းကို ဒေသခံတွေ မကြာခဏ နင်းမိသလို မပေါက်ကွဲသေးတဲ့ လက်နက်ကြီးလည်း ကြံခြံအနီးမှာ တွေ့ရှိထားပေမဲ့ သက်ဆိုင်ရာက ရှင်းလင်းဖယ်ရှားပေးတာ မရှိပါဘူး။
ဒေသခံ ခြံရှင်အမျိုးသမီးက “ခြံ ၁၀၀ လောက်မှာ ခြံ ၈၀ က မခုတ်တော့ဘူး။ တချို့ခြံရှင်က မီး အရင်ရှို့ပြီးတော့ ခုတ်ကြတယ်။ ကျမတို့က ပစ်ထားတယ်။ အများစုက အရှုံးပေါ်ကြတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက မြေမြှုပ်မိုင်းတွေကို ရှင်းလင်းပေးဖို့ ဒေသခံတွေက သက်ဆိုင်ရာကို တောင်းဆိုထားပေမဲ့ နေရာအနည်းအကျဉ်းသာ ဖယ်ရှားရှင်းလင်းပေးခဲ့ကြောင်း သူမက ဆိုပါတယ်။
ဒါ့အပြင် နောင်ချိုဒေသခံတွေ မကြာခဏ မြေမြှုပ်မိုင်း နင်းမိနေတာကြောင့် သက်ဆိုင်ရာအနေနဲ့ မိုင်း ရှင်းပေးဖို့ တောင်းဆိုထားပေမဲ့ လာရောက် ရှင်းလင်းပေးတာ မရှိသေးကြောင်း နောက်ထပ် ဒေသခံအမျိုးသားက ပြောပါတယ်။
”မိုင်း၊ ဗုံးသီးနဲ့ လက်နက်ကြီးတွေက မှိုလို ပေါက်နေတာ။ ဘယ်နေရာမှ ခြေမနင်းရဲဘူး။ အလုပ်ဘယ်လိုလုပ်စားကြမလဲ”
ဒါ့ကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ မြေမြှုပ်မိုင်းတွေ လာရောက် ရှင်းလင်းပေးစေချင်သလို ကြံတွေလည်း အမြန်ဆုံး ခုတ်ယူချင်ကြောင်း အထက်ပါ အမျိုးသားက ပြောဆိုပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။