ရဲမာန်၊ ဧပြီ ၅ ရက်၊ မြိုင်
မကွေးတိုင်း ပေါက်နဲ့ မြိုင်မြို့နယ်အစပ်က ကျေးရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ တော်လှန်ရေးတပ်ဖွဲ့ဝင် ၆ ဦး ကျဆုံးခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ ဧပြီ ၄ ရက် နေ့လယ် ၂ နာရီခွဲဝန်းကျင်မှာ ပေါက်နဲ့ မြိုင်မြို့နယ်အစပ်က ဖလန်ကိုင်း၊ ကျောက်တိုင်ခင်၊ နယ်သတ်ကျေးရွာ ၃ ရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ၎င်းက ဆက်ပြောပါတယ်။
“ဂျက်ဖိုက်တာ ၅ စီးနဲ့ ၁၅ မိနစ်လောက် ဗုံးကြဲသွားတာ။ သေဆုံးမှုနဲ့ ဒဏ်ရာ ရတာက ဖလန်ကိုင်းမှာဘဲ ရှိခဲ့တာပါ။ ပွဲချင်းပြီးက ၄ ဦး သေ။ ၂ ဦးကတော့ ဆေးရုံရောက်မှ သေသွားတာပါ”
ဗုံးကြဲတိုက်ခိုက်မှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ ၆ ဦး ကျဆုံးခဲ့တဲ့အပြင် နေအိမ်တွေလည်း ထိမှန်ပျက်စီးခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။
ပေါက်နဲ့ မြိုင်မြို့နယ်အစပ်ရှိ အရပ်သားတွေအနေနဲ့ ဒီရက်ပိုင်းတွေမှာ လေကြောင်းကနေ ပိုမိုတိုက်ခိုက်လာနိုင်တာကြောင့် သတိပြုနေထိုင်ကြဖို့ ၎င်းက အသိပေးပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက် ညနေ ၅ နာရီဝန်းကျင်ကလည်း မြိုင်မြို့နယ် ရွာသစ်ကြီးကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ဖူးပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။