ပို့လဘား၊ ဧပြီ ၂ ရက်၊ လားရှိုး
စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ ကားသမားအမျိုးသားတစ်ဦးက ပါဆယ်အထုပ်လာပို့ချိန်မှာပဲ သေနတ်နဲ့ ပစ်ခတ်ခံရတယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့ ဧပြီလ ၂ ရက် မနက်ပိုင်းမှာ လားရှိုးမြို့ ရပ်ကွက် (၃) မှာရှိ ကားဂိတ်တစ်ခုအနားမှာ အဆိုပါ အမျိုးသားတစ်ဦးက သေနတ်နဲ့ ပစ်ခတ်ခံရတာ ဖြစ်ပါတယ်။
“သူက ကားသမား။ ပန်ဆန်းကနေ ပို့လာတဲ့ပါဆယ် လာပို့ပေးတာ။ ကားသမားပြောတာတော့ နင်ရဲ့တန်ဖိုးကြီးတဲ့ ပါဆယ်ထုပ် ပေးလာတာတဲ့။ နိရဲ့ပါဆယ်က တန်ဖိုးကြီးတယ်။ ပိုက်ဆံအပိုပေးပါဆိုပြီး ကားသမားက တောင်းတယ်။ သူ(ပါဆယ်လာယူတဲ့အမျိုးသား)လည်း ခဏလေးနော်။ ပိုက်ဆံသွားယူမယ်ပြောပြီး ကားထဲမှာ သေနတ်သွားထုတ်ပြီး လာပစ်တာ။ လည်ပင်းနား ထိသွားတာ။ သူအခုဆေးရုံမှာ” ဆိုပြီး ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
အဆိုပါ သေနတ်နဲ့ ပစ်ခံရတဲ့ အမျိုးသားဟာ အသက် ၂၅ နှစ်ကျော်ရှိသူဖြစ်ပြီး လားရှိုး – ပန်ဆန်းဘက်မှာ ကားပြေးဆွဲနေသူ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
လားရှိုးမြို့ကို စစ်ကောင်စီ ပြန်ထိန်းချုပ်ပြီးနောက် အခုလို အမှုတွေအပြင် လူသတ်မှုတွေ၊ ဓားပြတိုက်မှု၊ ခိုးမှုတွေလည်း မကြာခဏ ဖြစ်ပွားနေပြီး ခိုးမှုတွေမှာဆိုလည်း စစ်ကောင်စီဖက်က အရေးယူဆောင်ရွက်တာမျိုး မရှိတာကြောင့် ဒေသခံတွေကပဲ ကိုယ်ထူကိုယ်ထ သူခိုးဖမ်းဆီးတာတွေ လုပ်ဆောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက် ညနေ ၄ နာရီခွဲမှာလည်း လားရှိုးမြို့ ရပ်ကွက် (၅) ရှိ ကုန်စုံဆိုင်တစ်ခုမှာ အရပ်ဝတ်နဲ့ အမျိုးသား ၃ ဦးက ဆိုင်ထဲဝင်လာပြီး ဆိုင်ထဲက အသက် ၂၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးကို သေနတ်ထောက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။