ရွှေဖီမြေ၊ မတ်လ ၇ ရက်၊ သိန္နီ
ဒီနေ့ မတ်လ ၇ ရက်ကစပြီး သိန္နီကနေ ကွတ်ခိုင်ဘက် ကုန်ကားတွေကို ပေးမဖြတ်တော့ဘဲ သိန္နီတိုးဂိတ်မှာ ကိုးကန့်တပ်- MNDAA က အကုန်လုံး ပိတ်ဆို့ထားပြီး ကားတွေလည်း နာရီနဲ့ချီ တန်းစီစောင့်ဆိုင်းနေရတယ်လို့ ကြုံတွေ့ခဲ့ရတဲ့ ကားသမားတွေက ပြောပါတယ်။
“ဘာထူးခြားလဲ မသိဘူး။ ဘာမှကို ပေးမသယ်တော့တာ။ ခါလီပဲ ရတယ်။ အဲလိုဖြတ်ရဖို့လည်း နာရီနဲ့ချီ တန်းစီစောင့်ရတယ်” လို့ ကားသမားတစ်ဦးက ပြောဆိုပါတယ်။
ကွတ်ခိုင်ကနေ သိန္နီအဆင်းတော့ လွတ်လွတ်လပ်လပ် သွားနိုင်ပေမဲ့ သိန္နီဂိတ်မှာတော့ ကိုးကန့်တပ်က စစ်ဆေးမှု တင်းကြပ်နေဆဲ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီနေ့ မတ်လ ၇ ရက်အထိ လားရှိုးကနေ နမ္မတူဘက်ကိုလည်း စက်သုံးဆီနဲ့ဆန်ကို သယ်ဆောင်ခွင့် ကိုးကန့်တပ်က ပိတ်ပင်ထားဆဲ ဖြစ်ပါတယ်။
ကွတ်ခိုင်မှာ တအာင်းတပ်နဲ့ကိုးကန့်တပ်တို့ မြေပြင်အခြေအနေ တင်းမာပြီးနောက်ပိုင်း ကိုးကန့်တပ်က ၎င်းတို့ ထိန်းချုပ်ဒေသကနေ တအာင်းတပ် ထိန်းချုပ်ဒေသဘက် ကုန်စည် စီးဆင်းမှု ပိတ်ပင်ခဲ့တာဖြစ်ပြီး ၃ ပတ်ကျော် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
အခုလို ကုန်ပစ္စည်းတွေကို လမ်းပိတ်ကာ ဖြတ်တောက်မှုကြောင့် တအာင်းတပ် ထိန်းချုပ်ဒေသတချို့မှာ ကုန်ဈေးနှုန်း ကြီးမြင့်မှုနဲ့ ကြုံတွေ့နေရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။