ရှမ်းမြောက် ကွတ်ခိုင်နဲ့ လားရှိုးမြို့နယ်မှာ ဓာတ်ဆီ ပြတ်လပ်သွားမှာကို စိုးရိမ်တာကြောင့် ဒေသခံတွေက ဓာတ်ဆီ အလုအယက် ဝယ်ယူနေကြပါတယ်။
ဒီနေ့ မတ်လ ၃ ရက် နေ့လယ်ပိုင်းကစပြီး ကား၊ ဆိုင်ကယ်နဲ့ တန်းစီကာ အလုအယက် ဝယ်ယူနေကြတာဖြစ်ပြီး ဓာတ်ဆီဈေးတော့ မြှင့်တက်သွားတာ မရှိသေးဘူးလို့ လားရှိုးဒေသခံ အမျိုးသမီးတစ်ဦး ပြောပါတယ်။
၎င်းက “ခဏလေးမှာပဲ သွားဝယ်လာတာ။ တန်းစီပြီး ဝယ်နေရတယ်။ အာသောက ဆီဆိုင်တို့ ပတ္တမြားဆီဆိုင်တို့ စတဲ့ဆီဆိုင်တွေမှာ ကားနဲ့ဆိုင်ကယ်တွေကိုတော့ ကြိုက်သလောက် ထည့်ပေးတယ်။ ဗူးနဲ့ လာဝယ်တဲ့သူဆိုရင်တော့ မရောင်းပေးတော့ဘူး။ တာချီလိတ်ဘက်မှာလည်း ဆီတွေ ဝယ်ရခက်နေပြီဆိုတော့ လားရှိုးမှာလည်း အဲလိုဖြစ်မှာ ကြောက်နေတာ” လို့ ဆိုပါတယ်။
ဒါ့အပြင် တအာင်းတပ် ထိန်းချုပ်တဲ့ ကွတ်ခိုင်မြို့ပေါ်မှာလည်း ဒေသခံတွေဟာ ဓာတ်ဆီ အလုအယက် ဝယ်ယူနေကြရာ ပန့်ဆိုင်တချို့က ဆီကုန်လို့ဆိုပြီး ဆိုင်ပိတ်ထားတာလည်း ရှိနေတယ်လို့ သိရပါတယ်။
အလားတူ ရှမ်းတောင် တောင်ကြီးမြို့မှာလည်း ဒီနေ့ မတ်လ ၃ ရက်မှာ ဓာတ်ဆီ အလုအယက် ဝယ်ယူနေကြပြီး တချို့ဆိုင် ပိတ်ထားလိုက်ရတယ်လို့ တောင်ကြီးမြို့နေ အမျိုးသားတစ်ဦးက ပြောပါတယ်။
“ကားတွေ အများကြီး တန်းစီပြီး ဝယ်နေရတာ။ တချို့ဆိုင်ဆို ပိတ်နေရပြီ။ သူတို့ မရောင်းပေးတော့ဘူး။ ဓာတ်ဆီ ပြတ်လပ်သွားမှာ စိုးရိမ်လို့ ဆိုင်ပိတ်လိုက်တာထင်တယ်”
ဒါ့အပြင် ထိုင်း-မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ တာချီလိတ်နဲ့ မြဝတီမြို့မှာလည်း ဓာတ်ဆီ ပြတ်လပ်မှာကို စိုးရိမ်ပြီး ဝယ်ယူသူ များလာတာကြောင့် ဆိုင်တွေက အကန့်အသတ်နဲ့သာ ရောင်းချနေပြီး ဆိုင်ပိတ်တာလည်း ရှိနေပါတယ်။
အီရန်နဲ့ အမေရိကန်၊ အစ္စရေး စစ်ပွဲကြောင့် ထိုင်းနိုင်ငံက စက်သုံးဆီ တင်းပို့ရောင်းချမှုကို ရပ်ဆိုင်းလိုက်ရာ ရှမ်းအရှေ့အပါအဝင် ရှမ်းတောင်နဲ့ ရှမ်းမြောက်က မြို့နယ်တချို့မှာပါ အခုလို ဓာတ်ဆီ အလုအယက် ဝယ်ယူလာကြတာ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။