လွေးလာဝ်ဇာရ်၊ မတ်လ ၂ ရက်၊ ကျောက်မဲ
စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကျောက်မဲမြို့မှာ နေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီနေ့ မတ်လ ၂ ရက် မနက်အစောပိုင်း ၁၂ နာရီကျော်မှာ ကျောက်မဲမြို့ အမှတ် ၂ ရပ်ကွက်က စိတ္တသုခလမ်းမှာ နေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
“အိမ်ရော အိမ်ဘေးကအဆောင်ပါ လောင်သွားတာ။ အိမ်ရှင်တွေ မရှိဘူး။ စစ်ရှောင်နေတာ ကြာပြီ။ ကျနော်တောင် မိုးလင်းမှ သူများပြောလို့ သွားကြည့်တာ။ ပစ္စည်းက ဘာတွေ ပါသွားလဲဆိုတာကိုတော့ ဘယ်သူမှလည်း အတိအကျ မသိရဘူး”
နေအိမ်အတွင်း အိမ်ရှင်တွေ ရှိမနေတဲ့အတွက် မီးလောင်မှုဟာ ဘယ်နေရာကနေ စတင်လောင်ကျွမ်းခဲ့လဲဆိုတာကိုတော့ ဘယ်သူမှ မသိရဘူးလို့ ပြောပါတယ်။
မီးကိုတော့ မီးသတ်တပ်ဖွဲ့က မီးသတ်ကားနဲ့ လာရောက် မီးငြိမ်းသတ်ခဲ့တာလို့ ဆိုပါတယ်။
PSLF/TNLA ရဲ့ စာရင်းအရ ၂၀၂၅ ခုနှစ်အတွင်း ထိန်းချုပ်ဒေသမှာ မီးလောင်မှု ၇၁ ကြိမ် ဖြစ်ပွားခဲ့ပြီး ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၁ သောင်းကျော် (သိန်းပေါင်း ၁၂,၉၅၀) ဆုံးရှုံးခဲ့တယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ဒါကြောင့် ခြောက်သွေ့ရာသီ ရောက်လာပြီဖြစ်လို့ လူထုတွေအနေနဲ့ မီးဘေးအန္တရာယ်ကို ကြိုတင်သတိထားကာကွယ်ဖို့ လိုအပ်ကြောင်း PSLF/TNLA က တိုက်တွန်းထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။