ဆုမွန်၊ ဖေဖော်ဝါရီ ၂၇ ရက်၊ မူဆယ်
ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့နယ် ကြူကုတ်(ပန်ဆိုင်း)နယ်စပ်ရှိ မြန်မာပိုင်နက်ထဲ တရုတ်ဘက်က ကျူးကျော်လာပြီး ခြံစည်းရိုးအသစ် ဆောက်ထားလိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်ကတည်းက ကြူကုတ်(ပန်ဆိုင်း)မြို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့နေရာမှာ တရုတ်ဘက်က မြန်မာဘက်ပိုင်တဲ့ ရေချောင်းတွေကို ကျူးကျော်လာတာဖြစ်ပြီး ခြံစည်းရိုးအသစ် တည်ဆောက်လိုက်တာ ဖြစ်တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
တရုတ်ဘက်က ကျုးကျော်လာတဲ့ ခြံစည်းရိုးအသစ်ဟာ အမြင့်အားဖြင့် ပေ ၁၀၀ ထက်မနည်း ရှိတယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
“ဟုတ်တယ် ခြံစည်းရိုးအသစ် လုပ်နေကြတာ။ ခြံစည်းရိုးအဟောင်းပေါ်မှာ သံဇကာနဲ့ပဲ ထပ်ကာတာ။ မုံးကိုးသွားမယ့် လမ်းတကြောမှာ သူတို့လုပ်တာ။ အဲမှာရှိတဲ့ ရေချောင်းတွေအကုန်လုံး တရုတ်နိုင်ငံထဲ ရောက်ကုန်ပြီ။ ဒေသခံတွေလည်း ဘာမှမပြောရဲကြဘူးလေ”
တရုတ်ဘက်က မြန်မာပိုင်နက်ထဲ ကျူးကျော်လာပြီး ခြံစည်းရိုးအသစ် တည်ဆောက်ခဲ့ပေမဲ့ ကိုးကန့်တပ်က ကန့်ကွက်ပြောဆိုခြင်း မရှိသလို စစ်ကောင်စီဘက်ကလည်း ကန့်ကွက်တာ မကြားရဘူးလို့ အဆိုပါအမျိုးသားက ပြောပါတယ်။
တရုတ်-မြန်မာ ကုန်သွယ်ရေးမှာ အဓိကကျတဲ့ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အပါအဝင် ကြူကုတ်(ပန်ဆိုင်း)၊ ချင်းရွှေဟော် စတဲ့နယ်စပ်ဂိတ်တွေကို ညီနောင်မဟာမိတ် ၃ ဖွဲ့က ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ထိန်းချုပ်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။