ရွှေဖီမြေ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ လားရှိုး
လားရှိုးမြို့နယ် နမ့်ကျန်ရွာအထွက်လမ်းကို စစ်ကောင်စီတပ်က ပိတ်ထားတာကြောင့် သွားလာရေးခက်ခဲနေလို့ ပြန်ဖွင့်ပေးဖို့ ဒေသခံတွေက တောင်းဆိုကြကြောင်း ရွာခံ အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။
နမ့်ကျန်-လားရှိုးလမ်းကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၃ ရက် ကစပြီး ဝါးတွေနဲ့ ပိတ်ခဲ့ပြီးတော့ ဒီနေ့ ဖေဖော်ဝါရီ ၂၄ ရက် မနက်မှာ မြေကြီး၊ ဗြုံးတွေနဲ့ ထပ်မံပိတ်ဆို့ခဲ့တာ ဖြစ်ပါတယ်။
ဒေသခံ အမျိုးသမီးက “သူတို့ (စစ်တပ်)ပြောတာတော့ လုံခြုံရေးအရ ပိတ်တာတဲ့။ ကားတွေဆို လုံးဝသွားလာလို့ မရတော့ဘူး။ ဆိုင်ကယ်တွေက ဘေးကပ်ပြီးတော့ သွားကြတယ်။ သာရေး၊ နာရေး ကိစ္စရှိရင် တအားခက်ခဲတယ်” လို့ ပြောပါတယ်။
ရွာအတွင်း အရေးပေါ်နဲ့ လူမှုရေးကိစ္စရှိပါက တခြားရွာဘက် ကွေ့ပတ်သွားရတဲ့ ကွင်းလမ်းနဲ့သွားနေရလို့ အချိန်ကြန့်ကြာပြီး ခက်ခဲကြောင်း အထက်ပါ အမျိုးသမီးက ဆိုပါတယ်။
ဒါ့ကြောင့် ၎င်းလမ်းကို အမြန်ဆုံးပြန်ဖွင့်ပေးဖို့နဲ့ လွတ်လွတ်လပ်လပ်သွားလာခွင့်ပေးဖို့ သက်ဆိုင်ရာကို တောင်းဆိုချင်ကြောင်း နောက်ထပ်ရွာခံ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။
ဖေဖော်ဝါရီလ ဒုတိယအပတ်ကစပြီး စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ လားရှိုးမြို့အဝင်အထွက်တွေကို စစ်ကောင်စီတပ်က ရှောင်တခင် စစ်ဆေးတာရှိသလို မြို့တွင်းမှာလည်း မကြာခဏ စစ်ဆေးတာတွေလုပ်ဆောင်နေကြောင်း မြို့ခံတွေက ရွှေဖီမြေကို ပြောဆိုထားကြပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။