လွေးဇွန်မိုး၊ ဖေဖော်ဝါရီ ၂၁ ရက်၊ လားရှိုး
ကိုးကန့်တပ် ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ပြင်ကနေ တအာင်းတပ် ထိန်းချုပ်ထားတဲ့ နမ္မတူဘက်ကို စက်သုံးဆီတင်တဲ့ကားတွေကို ကိုးကန့်တပ်က ဒီနေ့ ဖေဖော်ဝါရီ ၂၁ ရက်ကစပြီး ဖြတ်သန်းခွင့် မပြုတော့ဘူးလို့ ကြုံခဲ့ရတဲ့ ကားသမားတစ်ဦးက ပြောပါတယ်။
ကိုးကန့်တပ် ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ပြင် အီနိုင်းရွာရှိ အီနိုင်းတံတားမှာ စစ်ဆေးတင်းကျပ်နေပြီး နမ္မတူဘက်သွားမဲ့ ကုန်တင်ကားတွေကို အခြေအနေမကောင်းတာကြောင့် ဖြတ်သန်းခွင့်မပေးဘူးလို့ ကိုယ်တိုင်ကြုံခဲ့ရတဲ့ အထက်ပါ ကားသမားက ပြောပါတယ်။
“သူတို့ပြောတာ အခြေအနေမကောင်းလို့တဲ့။ ဒီလမ်းတော့ လုံးဝပေးမဖြတ်တော့ဘူးတဲ့။ တစ်ခြားလမ်းရှိရင် တစ်ခြားလမ်းသွားလိုက်တဲ့။ တစ်ခြားလမ်းမရှိတော့ဘူးလေလို့ ပြောတော့ အေး တစ်ခြားလမ်းမရှိရင်လည်း မသွားနဲ့တဲ့။ အခုပြန်သွားပြီး ကားသေးနဲ့ ပြန်ကဲ့လာရင် အကုန်ဖမ်းမယ်တဲ့။ ဓာတ်ဆီပုံးတောင်မှ ပုံးသေးသေးလေးပဲ သယ်လို့ရမှာ။ အများကြီးသယ်လို့မရဘူး။ အဲဒီ ပုံးအဝါတောင် အပြည့်သယ်လို့မရဘူး”
လက်ရှိ သတင်းရေးသားနေတဲ့ ၁၂ နာရီအထိတော့ ခရီးသည်တင်ကားနဲ့ ဆိုင်ကယ်နဲ့သွားလာသူတွေကိုတော့ ဖြတ်သန်းခွင့်ပြုနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
အလားတူ ကိုးကန့်တပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် သိန္နီမြို့နယ်မှာလည်း မနေ့ ဖေဖော်ဝါရီ ၂၀ ရက်ကစပြီး တအာင်းလူမျိုးတွေကို ကိုးကန့်တပ်က ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက် ညနေပိုင်းမှာ ငေါ့ငကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ စစ်ရေးတင်းမာမှုအတွင်းမှာလည်း ငေါ့ငရွာခံ ၁၀ ဦးကို ကိုးကန့်တပ်ဘက်က သံဆူးတုတ်ချောင်းနဲ့ ရိုက်နှက်ခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်မှာ ကွတ်ခိုင်မြို့မှာ တအာင်းတပ် နဲ့ ကိုးကန့်တပ်အကြား တင်းမာမှု ဖြစ်ပြီး သိန္နီမြို့အဝင်အထွက်တွေကို ကိုးကန့်တပ်ဘက်က စစ်ဆေးမှု တင်းကြပ်လာပြီး တအာင်းလူမျိုးတွေကို အဓိကထား စစ်တေးတင်းကြပ်နေတာ ဖြစ်ပါတယ်။
တအာင်းတပ် နဲ့ ကိုးကန့်တပ်တို့အကြား ဖြစ်ပွားနေတဲ့ စစ်ရေးတင်းမာမှုတွေကို ဖြေရှင်းပေးဖို့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ- FPNCC ကို စာပို့ထားတယ်လို့ PSLF/TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ရွှေဖီမြေကို ပြောပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။